■မြန်မာ-ထိုင်းနယ်စပ်အနီးရှိ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် KK Park ကို တပ်မတော် စစ်ကြောင်းများက ဝင်ရောက်ရှင်းလင်း

■မြန်မာ-ထိုင်းနယ်စပ်အနီးရှိ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် KK Park ကို တပ်မတော် စစ်ကြောင်းများက ဝင်ရောက်ရှင်းလင်း
Published 20 October 2025

 ■KNU/KNLA နှင့် PDF များ ယာယီထိန်းချုပ်ခဲ့သည့် လေးကေ့ကော်ဒေသရှိ ရှု့ခင်းသာနှင့် စွယ်တော်ကုန်း စခန်းတို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်

KNU/KNLA နှင့် PDF များ ယာယီစိုးမိုးထိန်းချုပ်ထားသည့် လေးကေ့ကော်ဒေသရှိ ရှု့ခင်းသာနှင့် စွယ်တော်ကုန်း စခန်းတို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဆက်လက် တိုက်စစ်အရှိန်အဟုန်ဖြင့် စစ်ဆင်မှုပြုလုပ်ခဲ့ရာ ၂၀၂၄ ခုနှစ်က KNLA နှင့် PDF များ ထိန်းချုပ်ခဲ့သည့် ရှု့ခင်းသာစခန်းအား အောက်တိုဘာ ၁၇ ရက်တွင် လည်းကောင်း၊ ပွိုင့်-၁၀၇၈ စွယ်တော် စခန်းကုန်းအား အောက်တိုဘာ ၁၈ ရက်တွင်လည်းကောင်း အဆင့်ဆင့် သိမ်းပိုက်နိုင်ခဲ့ပြီး နယ်စပ်ဒေသတစ်လျှောက်ရှိ အဓိကအချက်အခြာကျသည့် နေရာများအား ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် နယ်စပ်ဒေသတစ်လျှောက် တပ်မတော်စစ်ကြောင်းများက ဆက်လက်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်သိမ်းပိုက်စဉ် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် KK Park ကိုလည်း တစ်ချိန်တည်းတစ်ပြိုင်တည်း တပ်မတော် စစ်ကြောင်းများက ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

တိုက်ပွဲစဉ်တစ်လျှောက် သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး (၆) ကြိမ်၊ တိုက်ပွဲငယ် (၅၂) ကြိမ် ဖြစ်ပွားခဲ့ပြီး  အလောင်း (၁၀)လောင်း၊ လက်နက်မျိုးစုံ (၁၆) လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သလို KK Parkအတွင်းမှ ထူးခြားလက္ခဏာမတွေ့သော်လည်း တရားမဝင်ဆက်သွယ်မှု ဆောင်ရွက်ရန် ရည်ရွယ်တပ်ဆင်ထားသည့် Star Link စလောင်း (၃၀) စုံနှင့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည့်အပြင် ဆောက်လုပ်ပြီး အဆောက်အအုံ (၁)ထပ် တိုက် ၁၀ လုံး၊ (၂)ထပ်တိုက် ၁ဝဝလုံး၊ (၄)ထပ်တိုက် ၂၀ လုံးနှင့် (၅)ထပ်တိုက် ၂လုံး၊ (၁)ထပ်တိုက် ဈေးဆိုင်ခန်း ၂ဝလုံး၊ (၂)ထပ်တိုက် ဈေးဆိုင်ခန်း ၃ဝလုံး၊ (၁)ထပ်တိုက် ဂိုထောင် ၁၅လုံး၊(၂)ထပ်တိုက် ဂိုထောင် ၂ဝလုံး၊ (၄)ထပ်တိုက်ဂိုထောင် ၁ဝလုံး၊ ဆောက်လုပ်ဆဲ (၂)ထပ်တိုက် ၂၁လုံး၊ (၃)ထပ်တိုက် ၁ဝလုံး၊ (၄)ထပ်တိုက် ၅လုံး၊ (၅)ထပ်တိုက် ၅လုံးနှင့် (၁)ထပ်တိုက် ဆေးပေးခန်း နှစ်ခန်းတို့ကို တွေ့ရှိခဲ့ပြီး အဆိုပါ အဆောက်အအုံများအတွင်းမှ အလုပ်သမား အမျိုးသား (၁၆၄၅) ဦး၊ အမျိုးသမီး (၄၅၅) ဦး၊ လုံခြုံရေး (ကျား) ၉၈ ဦး၊ စုစုပေါင်း (၂၁၉၈) ဦးတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ KK Park ဝန်းအတွင်းရှိ အဆောက်အအုံများ ဆောက်လုပ်ထားရှိမှု၊ မြေပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုမိန့်၊ မြေပိုင်ဆိုင်ခွင့် အထောက်အထား၊ ဟိုတယ်နှင့် ခရီးသွားလာရေး၏ ဆောက်လုပ်ခွင့်၊ ခွင့်ပြုမိန့်များနှင့် ပတ်သက်၍ တရားဝင်စာရွက်စာတမ်းများ စစ်ဆေးတွေ့ရှိခြင်းမရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆင့်ခေါ်ရာတွင်လည်း လာရောက်ခဲ့ခြင်းမရှိသည့်အတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို လုပ်ထုပ်လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

KNU/KNLA သောင်းကျန်းသူများအနေဖြင့် NCA ကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော် ဒေသတစ်ဝိုက် အခြေပြု၍ အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်စီးစေရန်နှင့် ၎င်းတို့၏ အိမ်မက်ဖြစ်သည့် သီးခြားလွတ်လပ်သော ကော်သူလေးပြည်နယ်နှင့် ကော်သူလေး အစိုးရထူထောင်ရန်အတွက် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေး ဖြစ်စဉ်များကြောင့် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာကြသူများကို လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာ ခေါင်းစဉ်အောက်၌ လက်ခံထိန်းသိမ်းပြီး ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေး ထောက်ပံ့မှုများ၊ ဒေသတွင်း၌ ကျားဖြန့်အပါအဝင် တရားမဝင်လုပ်ငန်းများမှ ရရှိသည့် ငွေကြေးများကို လက်ခံရယူပြီး အကြမ်းဖက်သင်တန်းများ သင်ကြားပို့ချကာ လက်နက်များ တပ်ဆင်ပေးပြီး ရှေ့ကာတပ်အဖြစ် အသုံးချ၍ ကရင်ပြည်နယ်အတွင်းရှိ တပ်မတော်မှ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် တပ်စခန်းများအပါအဝင် သင်္ဃန်းညီနောင်နှင့် မြဝတီဒေသရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များနှင့် တပ်စခန်းများအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တပ်မတော်က အဆိုပါ သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့်တပ်စခန်းများနှင့် မြို့/ရွာများအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သင်္ဃန်းညီနောင်တပ်နယ်အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် မြန်မာနယ်နိမိတ်အတွင်း၌ KNLAနှင့် PDF သောင်းကျန်းသူများ ခိုအောင်းမှုမရှိစေရေး၊ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းသို့ တရားမဝင်နိုင်ငံခြားသားများ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ကာ တရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုနှိမ်နှင်း ရေးအတွက် လိုအပ်သည့် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ သောင်းကျန်းသူများ ခိုအောင်းနေထိုင်သည့် လက်ခတ်တောင် ဘုရားကုန်းနှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား စက်တင်ဘာ ၉ ရက်တွင် လည်းကောင်း၊ ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းမှ ၂၀၁၅ ခုနှစ်တွင် ဒေသခံတိုက်ပွဲရှောင်ပြည်သူများအတွက် ဆောက်လုပ်ပေးထားသည့် လေးကေ့ကော် မြို့သစ်အား စစ်ကြောင်းများခွဲ၍ အဆင့်ဆင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အောက်တိုဘာ ၅ ရက်တွင် အဆိုပါ လေးကေ့ကော်မြို့သစ်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမြို့သစ်တွင် ယခင်ဆောက်လုပ်ပြီးကာစ ဒေသခံတိုက်ပွဲရှောင် တိုင်းရင်းသား ပြည်သူများနေထိုင်ကြသော်လည်း ၂၀၂၃ ခုနှစ်နောက်ပိုင်း KNLA နှင့် PDF သောင်းကျန်းသူများက အဆိုပါဒေသခံတိုင်းရင်းသားများကို မောင်းထုတ်လျက် အကြမ်းဖက်အုပ်စုနှင့် ၎င်းတို့၏ မိသားစုဝင်များ တရားမဝင် သိမ်းပိုက်ဝင်ရောက်နေထိုင်ခဲ့သည့် နေရာဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent