ပြင်ဦးလွင်မြို့နယ်ရှိ ရှစ်ထပ်ရေတံခွန်တောင်တွင် လူ ၁၄ ဦး ရေကစားရာမှ ငါးဦး သုံးထပ်ရေတံခွန်သို့ ပြုတ်ကျခဲ့ကာ နှစ်ဦးသေဆုံးပြီး တစ်ဦးအသက်ရှင်ကာ နှစ်ဦးအား ဆက်လက်ရှာဖွေနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာ ၂၉ ရက် ညနေ ၃ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲရေအရှေ့ ကျေးရွာရှိ ရှစ်ထပ်ရေတံခွန်တောင်သို့ လူ ၁၄ ဦးသည် သွားရောက်ရေကစားရာ ငါးဦးသည် သုံးထပ်ရေတံခွန်သို့ ပြုတ်ကျသွားကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ညနေ ၅ နာရီခန့်တွင် ရုရှားနိုင်ငံသား အမျိုးသား တစ်ဦးအား အသက်ရှင်လျက်တွေ့ရှိခဲ့ပြီး ညနေ ၆ နာရီ ၅ မိနစ်ခန့်တွင် အမျိုးသမီး နှစ်ဦးအား သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်နှစ်ဦးတို့အား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။















