လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ငါးဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ငါးဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ
Published 29 September 2025

လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ငါးဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင် လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ PDF အဖွဲ့မှ အဖွဲ့ဝင် ၅ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ယနေ့(စက်တင်ဘာ ၂၉ ရက်)တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်နှင့် နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ငါးဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိနယ်မြေခံတပ်ခန်းမ၌ ပြုလုပ်ရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် တာဝန်ရှိသူတစ်ဦးက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးဆိုင်ရာပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် ဘီအေ-၆၃ တစ်လက်၊ ၎င်းကျည်အိမ် သုံးခု၊ ၄၀ မမ လက်လုပ်သေနတ် တစ်လက်၊ တူမီးသေနတ် တစ်လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ဂုဏ်ပြုဆုငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြပြီး  ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent