မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဦးဆောင်ကျင်းပသည့် Viksit Bharat Run 2025 မာရသွန်အပြေးပြိုင်ပွဲကို စက်တင်ဘာ ၂၈ ရက်၊ နံနက် ၆ နာရီက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခဲ့သည်။
ထိုမာရသွန်အပြေးပြိုင်ပွဲတွင် Viksit Bharat Run မှ တာဝန်ရှိသူများ၊ India-Myanmar Chamber of Commerce (IMCC)၊ MORYA Yoga၊ Hindu Youth Sociey အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ အပြေးပြိုင်ပါဝင်ယှဉ်ပြိုင်ရန် စာရင်းသွင်းထားသူများ စုပေါင်းပါဝင်ခဲ့ပြီး ၅ ကီလိုမီတာ မာရသွန်အပြေး ပြိုင်ခဲ့ကြသည်။
အဆိုပါ မာရသွန်အပြေးပြိုင်သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းအစိုးရတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးAbhay Thakur နှင့်ဇနီးအပါအဝင် သံရုံးတာဝန်ရှိသူများ တက်ရောက်အားပေးခဲ့သည်။
Viksit Bharat Run 2025 မာရသွန်အပြေးပြိုင်ပွဲသည် ယခုနှစ်ကစတင်၍ ကမ္ဘာတစ်ဝှမ်းရှိ မြို့ပေါင်း 150 ကျော်တွင် "Run to Serve the Nation" ဟူသော ဆောင်ပုဒ်ဖြင့် စတင်ကျင်းပခြင်းဖြစ်ကြောင်း အိန္ဒိယသံရုံးမှ သိရသည်။
အိန္ဒိယနိုင်ငံသည် ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေးစတင်ရရှိခဲ့ပြီးနောက် နှစ် ၁၀၀ အကြာ၂၀၄၇ ခုနှစ်တွင် Viksit Bharat (Developed India) ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ရမည်ဟူသည့် ရည်မှန်းချက်ဖြင့်လည်း ယခုအပြေးပြိုင်ပွဲကို ဖော်ညွှန်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
Photo - Kyi Naing















