မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာတွင် လာရောက်ငှားရမ်းနေထိုင်ပြီး တစ်သောင်းကျပ်တန်ငွေစက္ကူအတုများ ပြုလုပ်ကာ သုံးစွဲနေသည်ဆိုသော အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ငွေစက္ကူအတုများ ပြုလုပ်ပြီး သုံးစွဲနေသည်ဆိုသော အမျိုးသမီးမှာ အသက် (၂၈ နှစ်) အရွယ် မမြူလင်းလင်း (ခ) သူဇာဆိုသူဖြစ်ကြောင်း၊ လွန်ခဲ့သည့် ကိုးလခန့်က မမြူလင်းလင်း (ခ) သူဇာနှင့်အတူ ခင်ပွန်းဖြစ်သူနှင့် အလုပ်သမားဖြစ်သူ အမျိုးသမီးတစ်ဦးတို့မှာ နှစ်ကရင်ကျေးရွာရှိ ရဲစခန်းဟောင်းအနီးရှိ နေအိမ်အား ငှားရမ်းနေထိုင်ကာ အထည်ဆိုင်အား ဖွင့်လှစ်ထားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ပြီးခဲ့တဲ့ ရက်ပိုင်းက တို့လင်မယားချင်းစကားများရန်ဖြစ်ကြလို့ ခင်ပွန်းဖြစ်သူက သက်ဆိုင်ရာသို့ သွားရောက်တိုင်ကြားခဲ့လို့ စက်တင်ဘာ ၁၁ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှာဖွေဖမ်းဆီးမှုတွေလုပ်ဆောင်သွားတာလို့ သိရပါတယ်။ အဲ့ဒီအချိန်ကျမှဘဲ သူတို့အိမ်မှာ ငွေစက္ကူအတုလုပ်နေကြမှန်း ရွာကလူတွေ သိကြရတယ်” ဟု ပြောကြားသည်။
၎င်းတို့မှာ ငွေစက္ကူအတုများဖြင့် ဝယ်ယူသုံးစွဲခြင်းများလည်း လုပ်ဆောင်ထားသည်ဟု သိရသည့်အတွက် ဒေသခံများအနေဖြင့် ၎င်းတို့ငွေကြေးများ ဆုံးရှုံးမည်ကို စိုးရိမ်နေကြရကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ငွေစက္ကူအတုများ ပြုလုပ်ကာသုံးစွဲနေကြောင်း သတင်းအရ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မမြူလင်းလင်း (ခ) သူဇာ နေထိုင်ရာ နှစ်ကရင်ကျေးရွာရှိ နေအိမ်အား ဝင်ရောက်ရှဖွေခဲ့ရာ ကျပ်တစ်သောင်းတန်ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့် ကာလာပရင်တ၊ စက္ကူစာရွက်များ၊ ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့် ကီရိယာများနှင့် ငွေကျပ်သိန်း (၁၄၀) ခန့်ပြုလုပ်ထားသည့် ပုံနှိပ်ထားသော ငွေစက္ကူအတုများအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မမြူလင်းလင်း (ခ) သူဇာ အား ရေးမြို့မရဲစခန်းတွင် (ပ) ၃၁/၂၀၂၅။ နိုင်ငံတော်ဗဟိုဘဏ်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကာ စစ်ဆေးမှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ဧပြီလဆန်းပိုင်းကလည်း မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ ရှမ်းစုရပ်၊ မြို့ရှောင်လမ်းရှိ နေအိမ်တစ်လုံး အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများ၊ လက်လုပ်သေနတ်အစိတ်အပိုင်းများ၊ ကျည်ဆံများနှင့်အတူ ငွေစက္ကူ တစ်သောင်းကျပ်တန် (၅) ရွက်၊ တစ်သောင်းတန် (၄) ရွက် ရိုက်နှိပ်ထားသည့် အေဖိုးစာရွက်နှစ်ရွက် နှင့် ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများအား သက်ဆိုင်ရာက ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည့်အပြင်၊ မှတ်ပုံတင်အတု (၂) ခု၊ မှတ်ပုံတင်စာရွက်အလွတ် (၂) ခု၊ မွန်ပြည်နယ် လဝကရုံးစာတမ်းပါ ငွေရောင်တံဆိပ်ပြား (၃) ခု တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။















