■ဆောက်လုပ်ရေးလုပ်ငန်းအတွက် အကြွေးပေးရမည်ဖြစ်သဖြင့် ကျုးလွန်ခဲ့ခြင်းဟု ဖမ်းဆီးရမိသူက ဝန်ခံထွက်ဆို
မြန်မာပလာဇာကားပါကင်တွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိပြီး ဆောက်လုပ်ရေးလုပ်ငန်းအတွက် အကြွေးပေးရမည်ဖြစ်သဖြင့် ကျုးလွန်ခဲ့ခြင်းဟု ဖမ်းဆီးရမိသူက ဝန်ခံထွက်ဆိုသည်ဟု သိရသည်။
ဖမ်းဆီးရမိသူမှာ မြတ်သူရကျော်ဆိုသူဖြစ်ပြီး ရန်ကုန်- မန္တလေးလမ်းဟောင်း မြစ်ငယ်- ထုံးဘိုလမ်းခွဲ မြို့မအဝင်ဂိတ်တွင် ၎င်း၏ဇနီးနှင့်အတူ သြဂုတ် ၆ ရက် နေ့လည် ၁၂ နာရီခွဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်း၏ ထွက်ဆိုချက်အရ သေဆုံးသူ ဒေါ်စမ်းစမ်းအေးအား ပေးရန်အကြွေးများရှိသဖြင့် ငွေကြေးလိုအပ်ချက်များကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်တွင် ၎င်းနှင့်အတူ ပြစ်မှုကျုးလွန်သူ အမျိုးသားတစ်ဦး (စိစစ်ဆဲ) အားဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
သြဂုတ် ၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေ သေဆုံးသူ ဒေါ်စမ်းစမ်းအေးမှာ တာမွေမြို့နယ်နေ ဦးအလတ်ခန်ရေနှင့်အတူ နေအိမ်သို့ပြန်ရန် မြန်မာပလာဇာကားပါကင်တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်ရှိရာသို့ ရောက်ရှိစဉ် အမျိုးသားနှစ်ဦးက ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်တွင် ဒေါ်စမ်းစမ်းအေးမှာ ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးအလတ်ခန်ရေတွင် ဓားဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အမှုအား ဗဟန်းမြို့မရဲစခန်းတွင် (ပ) ၁၉၉/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့်အမှုရေးဖွင့်ခဲ့ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်းစစ်ဆေးခဲ့ရာ တရားခံနှစ်ဦးမှာ မြန်မာပလာဇာသို့ ခဲရောင် Toyota vitz ယာဉ်ဖြင့် မွန်းလွဲ ၁ နာရီ ၅၇ မိနစ်တွင် ရောက်ရှိလာခဲ့ကြောင်း၊ သေဆုံးသူ ဒေါ်စမ်းစမ်းအေး စီးနင်းလာသည့် တိုယိုတာဟာရီယာယာဉ်မှာ မွန်းလွဲ ၂ နာရီ ၂ မိနစ်တွင် ရောက်ရှိလာပြီး ဒေါ်စမ်းစမ်းအေးနှင့် ဦးအလတ်ခန်ရေမှာ မြန်မာပလာဇာပေါ်သို့ တက်သွားကြောင်း သိရသည်။
ယင်းနောက်ကျူးလွန်သူများ စီးနင်းလာသည့် မော်တော်ယာဉ်မှာ ဒေါ်စမ်းစမ်းအေးတို့ စီးနင်းလာသည့် မော်တော်ယာဉ်အနီးသို့ နေရာပြောင်းလဲရပ်တန့်ခဲ့ကြောင်း၊ ညနေ ၄ နာရီ ၂၇ မိနစ်တွင် ဒေါ်စမ်းစမ်းအေးနှင့် ဦးအလတ်ခန်ရေ တို့မှာ မြန်မာပလာဇာကဆင်းလာပြီး ကားရပ်ထားသည့်နေရာသို့ သွားရောက်စဉ် တရားခံ အမျိုးသားနှစ်ဦးက ဒေါ်စမ်းစမ်းအေးကို ဓားဖြင့် ထိုးခဲ့ကြောင်း၊ ဦးအလတ်ခန်ရေက ပြန်လည်ခုခံစဉ် တရားခံတစ်ဦးက ဝင်ရောက်ထိုးကြိတ်ခဲ့ကြောင်း သိရသည်။
တရားခံနှစ်ဦးမှာ ကျူးလွန်ပြီးနောက် ကမ္ဘာအေးဘုရားလမ်းသို့ ပြေးထွက်ကာ အဌားယာဉ်တစ်စီးကို ဌားရမ်းကာထွက်ပြေးခဲ့ကြောင်း၊ အဌားယာဉ်မောင်းကို စစ်ဆေးမေးမြန်းရာ တရားခံနှစ်ဦးကို ပြည်လမ်းရှိ ဆယ်မိုင်ကုန်းမှတ်တိုင်အနီး ပို့ဆောင်ပေးခဲ့ရကြောင်း၊ တရားခံနှစ်ဦး၏ CCTV မှတ်တမ်းအား ဒေါ်စမ်းစမ်းအေး၏ သမီးဖြစ်သူကို ပြသပြီး တာဝန်သူများက မေးမြန်းရာ တစ်ဦးမှာ မိခင်ဖြစ်သူနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းအတူ လုပ်ကိုင်နေပြီး မိခင်ဖြစ်သူကို အကြွေးပေးရန်ရှိသူ INNO CITY တွင် ဌားရမ်းနေထိုင်သူ မြတ်သူရကျော်ဆိုသူဖြစ်သည်ကို သိရသည်။
ယင်းနောက် တရားခံဖြစ်သူ မြတ်သူရကျော်ကို ဇနီးဖြစ်သူနှင့်အတူ ရန်ကုန်- မန္တလေး လမ်းဟောင်းတွင် ဖမ်းဆီးရမိခဲ့ပြီး ကျန်ရှိ တရားခံတစ်ဦးကို ဖမ်းဆီးရမိရေး အသေးစိတ် စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။















