ပေါင်မြို့နယ် အလှပ်ကျေးရွာ ညောင်ဝိုင်းအပိုင်းတွင် လေဆင်နှာမောင်းကျရောက်တိုက်ခတ်ခဲ့သည့်အတွက် နေအိမ် (၂၂) ခန့်ထိခိုက်ပျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇူလိုင် ၂၇ ရက် နံနက် (၄) နာရီအချိန်ခန့်က ပေါင်မြို့နယ် အလှပ်ကျေးရွာ ညောင်ဝိုင်းအပိုင်းအတွင်း လေဆင်နှာမောင်းကျခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “နေအိမ်အားလုံး (၂၂) လုံးလောက်ပျက်ဆီးခဲ့ပါတယ်။ အဲ့ဒီအပြင်ကို မီးသတ်စခန်းက အမိုးတွေလည်း လွှင့်ကုန်တယ်။ နောက်ပြီး ဖုန်းတာဝါတိုင်လည်း ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် အပင် နှင့် ကျေးရွာအတွင်းရှိ ဓါတ်မီးတိုင်များလည်း လဲကျပျက်ဆီးမှုများရှိခဲ့ကြောင်း နှင့် လူထိခိုက်မှုတော့မရှိကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးခဲ့သည်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နှင့်အတူ ဒေသခံပြည်သူများမှ ဝိုင်းဝန်ရှင်းလင်းမှုများလုပ်ဆောင်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
လတ်တလော မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း လေဆင်နှာမောင်းကျရောက်တိုက်ခတ်မှုများ မကြာခဏဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့် ဇူလိုင်လ (၂၄) ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့၊ မိုးနှိုင်းရပ်ကွက် နှင့် ပေါင်းရပ်ကွက် နှင့် ကဒါရပ်ကွက်များတွင်း လေဆင်နှာမောင်းကျရောက်တိုက်ခတ်ခဲ့မှုကြောင့် နေအိမ် (၂၀၀) ကျော် နှင့် သာသနိကအဆောက်အဦးများ ထိခိုက်ပျက်ဆီးခဲ့သည့်အပြင် ဓါတ်တိုင်များ၊ အပင်များလည်း လဲပြိုပျက်ဆီးမှုများရှိခဲ့သည်။
အလားတူ ဇူလိုင်လ (၂၅) ရက် မွန်းလွဲပိုင်းအချိန်က ပေါင်မြို့ နယ် ကတွန်ကျေးရွာတွင်လည်းကောင်း၊ ညနေပိုင်းတွင် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြားကုန်းရွာတွင်လည်းကောင်း လေဆင်နှာမောင်းကျရောက်တိုက်ခတ်ခဲ့သည့်အတွက်ကြောင့် လူနေအိမ်များထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း သိရသည်။
၎င်းပြင် ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက်မှ (၂၅) ရက်နေ့အထိ မွန်ပြည်နယ် ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ သထုံ၊ ကျိုက်ထို နှင့် ဘီးလင်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းကျရောက်တိုက်ခတ်ခြင်းများကြောင့် သာသနိကအဆောက်အဦးများ၊ စာသင်ကျောင်းများ ထိခိုက်ပျက်ဆီးမှုများရှိခဲ့သည့်အပြင် နေအိမ် (၃၀၀) ကျော် ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း နှင့် အမျိုးသား (၁) ဦးသေဆုံးကာ (၁၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အပင် နှင့် ဓါတ်တိုင်များလဲပြိုခြင်းများစွာရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ဘိုဘိုမြင့်
Photo Credit – CJ
ပုံစာ - ပေါင်မြို့နယ် အလှပ်ကျေးရွာ ညောင်ဝိုင်းအပိုင်းတွင် လေဆင်နှာမောင်းကျရောက်တိုက်ခတ်ခဲ့မှုကြောင့် နေအိမ်နှင့် ဓါတ်တိုင်များ ထိခိုက်ပျက်ဆီးနေသည်ကိုတွေ့ရစဉ်















