ဝီဖာမုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းကာ သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်ပြီး တစ်နာရီလျှင်၂၀ စင်တီမီတာထိ မြင့်တက်နေသည့်အတွက် မြဝတီမြို့ သောင်ရင်းမြစ်ကမ်းစပ်နေသူများ၊ အနိမ့်ပိုင်းနေသူများ အချိန်မီပြောင်းရွှေ့ကြရန် လိုအပ်ကြောင်း ခရိုင်သဘာဝေဘးစီမံကွပ်ကဲမှုကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစီးပြီး သဘာဝဘေးစီမံကွပ်ကဲမှုကော်မတီအနေဖြင့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်လျှက်ရှိကာ အနိမ့်ပိုင်နေသူများ အချိန်မီရွှေ့ပြောင်းရေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း (ခရိုင်သဘာဝဘေးစီမံကွပ်ကဲမှုကော်မတီ) မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယာညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။
"လက်ရှိ ခရိုင်သဘာဝဘေး စီမံကွပ်ကဲရေးဌာနလက်အောက်မှာ ကူညီကယ်ဆယ်ရေးအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကူညီကယ်ဆယ်ရေးပစ္စည်းတွေလည်း အဆင်သင့်ဖြစ်နေပါပြီ။ အများပြည်သူကို သိစေလိုတာကတော့ အခုချိန်ခါကစပြီးတော့ ရွှေ့ပြောင်းတဲ့ဟာကို အဆင်သင့်လုပ်နေပါပြီ။ ပြည်သူတွေပူးပေါင်းဖို့လိုပါတယ်။ ကမ်းစပ်တွေမှာလည်း သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေ အကုန်ရောက်ရှိနေပါတယ်။ ခုတက်နေတဲ့ မြစ်ရေအနေအထားအရ အချိန်မီရွှေ့ပြောင်းပေးဖို့ လိုအပ်နေပါပြီ။ ခုဆိုရင်က မ်းနဖူးတိုက်နေပြီ။ နောက်ထပ် တစ်နာရီဆိုရင်၂၀ စင်တီမီတာ တက်လာမယ်။ မနှစ်ကအတွေ့အကြုံနဲ့ဆိုရင် ၁၂၄၇ စင်တီမီတာထိ တက်ခဲ့တယ်။ ခု တစ်ထောင်စင်တီမီတာ ကျော်လာပြီ။ ၁၂၀၀ စင်တီမီတာကျော်ရင်တော့ ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄၊ ရပ်ကွက် ၅၊ အနိမ့်ပိုင်းနေအိမ်တွေ အကုန်မြုတ်ပါပြီ။ အဲ့အတွက်ကို ခရိုင်အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီးတော့ ခရိုင်သဘာဝဘေးစီမံက ကြိုတင်စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်"ဟုဦးကျော်ကျော်ဦးက ပြောသည်။
မြဝတီမြို့ပြည်သူများ သိရှိလိုက်နာနိုင်စေရန်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံနှိုးဆော်နေပြီဖြစ်ကြောင်း သိရသည်။
မဲဆောက်မြို့နယ်ထိ ရိုက်ခတ်လာသော ဝီဖာ အပူပိုင်းမုန်တိုင်းအဖျားသည် သောင်ရင်းမြစ်သာ ခြားထားသည့် နယ်စပ်မြဝတီမြို့တွင်လည်း သက်ရောက်မှု ကောင်းကောင်းရှိနိုင်သည်ဟု ဆိုသည်။
မိုးရေနှင့် တောင်ကျရေ၊ လေတိုက်နှုန်းများကြောင့် အချို့နေရာများတွင် တောင်ပြို/မြေပြိုခြင်း အန္တရာယ်လည်း ရှိနိုင်ကြောင်း သတိပေးထားသည်။
မြဝတီမြို့တွင် သဘာဝဘေးကယ်ဆယ်ရေးစခန်းများအဖြစ် ဓမ္မံရန်အောင်ဘုန်းကြီးကျောင်း၊ ဓိဋ္ဌာန်အောင်ဓမ္မာရုံ၊ ဇေယျသိဒ္ဓိဓမ္မာရုံ၊ တောရကျောင်းဘုန်းကြီးကျောင်းတိုက်၊
ဟေမာန်ဦးဘုန်းကြီးကျောင်းတိုက်၊ ကြခေတ္တာဘုန်းကြီးကျောင်းတိုက်၊ ကျောက်လုံးကြီးဘုန်းကြီးကျောင်း၊ ကိုးနဝင်းဘုန်းကြီးကျောင်း၊ ကျောက်လုံးကြီး (MoU) ပြန်လည်ထူထောင်ရေး၊
ဖားခြောက်ကောင်ဘုန်းကြီးကျောင်းတို့တွင် ကူညီကယ်ဆယ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီဖြစ်ကြောင်း သိရသည်။















