မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဟာ ၂၀၂၆ အာရှ ယူ- ၁၇ အမျိုးသမီးခြေစစ်ပွဲက မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းပါဝင်မယ့် အုပ်စုပွဲစဉ်တွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ်(AFC) ဟာ ၂၀၂၆ အာရှ ယူ- ၁၇ အမျိုးသမီးခြေစစ်ပွဲဝင် အသင်း (၂၇) သင်းကို (၄) သင်း (၃) အုပ်စုနဲ့ (၃) သင်း (၅) အုပ်စု၊ အုပ်စု (၈) ခုခွဲကာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
အဲဒီအုပ်စု (၈) ခုကို နိုင်ငံ (၈) နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိကြမှာဖြစ်ပါတယ်။ ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့တဲ့ နိုင်ငံတွေက မြန်မာ၊ တာဂျစ်ကစ္စတန်၊ ဂျော်ဒန်၊ ကာဂျစ္စတန်၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ဖြစ်ကြပါတယ်။
ခြေစစ်ပွဲတွေကို လာမယ့်အောက်တိုဘာ (၁၃) ရက်ကနေ (၁၇) ရက်အထိ တစ်ကျော့စနစ်နဲ့သာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲမှုကိုတော့ မကြာခင်ရက်ပိုင်းမှာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
ခြေစစ်ပွဲဝင် အုပ်စု (၈) ခုက ထိပ်ဆုံးရပ်တည်မှုရ အသင်းတစ်သင်းစီ ပေါင်း (၈) သင်းသာ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲအောင် အသင်း (၈) သင်းဟာ တိုက်ရိုက်ကစားခွင့်ရ တရုတ်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်း (၄) သင်းနဲ့အတူ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
၂၀၂၆ အာရှ ယူ- ၁၇ အမျိုးသမီးပြိုင်ပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ရောက် အသင်း (၄) သင်းဟာ ဖီဖာ ယူ- ၁၇ ကမ္ဘာ့ဖလား အမျိုးသမီးပြိုင်ပွဲကို တိုက်ရိုက်ဝင်ရောက်ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။















