လာဇီယိုအသင်းသည် နည်းပြ ဘာရိုနီကို ရာထူးမှ ထုတ်ပယ်၍ ဆာရီကို နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်လိုက်ကြောင်း တနင်္လာနေ့တွင် အတည်ပြုကြေညာခဲ့သည်။
လာဇီယိုအသင်းသည် ပြီးခဲ့သည့်ရာသီတွင် စီးရီးအေပြိုင်ပွဲ၌ အဆင့်(၇)နေရာသာရရှိပြီး ဥရောပဝင်ခွင့်နှင့် လွဲချော်ခဲ့သည့်အတွက် ဘာရိုနီနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆာရီ(၆၆ နှစ်) သည် ၂၀၁၈-၁၉ ရာသီတွင် ချယ်လ်ဆီးအသင်းကို ယူရိုပါလိဂ်ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို၊ ၂၀၁၉-၂၀ ရာသီတွင် ဂျူဗင်တပ်စ်အသင်းကို စီးရီးအေချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
၎င်းသည် ၂၀၂၁ နွေရာသီတွင် လာဇီယိုအသင်း၏ နည်းပြအဖြစ် (၂) နှစ်စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၌ ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုုင်ခဲ့သော်လည်း ၂၀၂၄ မတ်လတွင် လမ်းခွဲခဲ့သည်။
ထို့ကြောင့် လာဇီယိုအသင်းက ဘာရိုနီကို ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဘာရိုနီကို ထုတ်ပယ်ကာ ဆာရီအား ပြန်လည်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
လာဇီယိုအသင်းသည် ၀ါရင့်နည်းပြ ဆာရီကို (၂)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးနိုင်သည့် သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရသည်။
လာဇီယိုအသင်း၏ ဥက္ကဋ္ဌ လော့တီတိုက '' မော်ရီဇီယိုဆာရီ အိမ်ပြန်လာပါပြီ။ သူက အခုလိုပြန်လာဖို့ နှလုံးသားနဲ့ ခိုင်မာတဲ့ ယုံကြည်ချက်တွေနဲ့ ရွေးချယ်ခဲ့တာပါ။ ကြိုဆိုပါတယ် တပ်မှူး''ဟု ကြေညာချက်မှတစ်ဆင့် ပြောကြားခဲ့သည်။















