မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်၏အေးဂျင့် ဆော်ဒီသို့ ရောက်ရှိနေပြီး အယ်လ်ဟီလာအသင်းနှင့် ဆွေးနွေးနေကြောင်း သတင်းထွက်

မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်၏အေးဂျင့် ဆော်ဒီသို့ ရောက်ရှိနေပြီး အယ်လ်ဟီလာအသင်းနှင့် ဆွေးနွေးနေကြောင်း သတင်းထွက်
Photo: X
Photo: X
Published 30 May 2025

မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်၏ အေးဂျင့်ဖြစ်သူ မီဂွယ်ပင်ညိုသည် လက်ရှိအချိန်၌ ဆော်ဒီနိုင်ငံသို့ ရောက်ရှိနေပြီး အယ်လ်ဟီလာအသင်းနှင့် ဆွေးနွေးနေကြောင်း လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်လျက်ရှိသည်။

ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်(၃၀ နှစ်)သည် မန်ယူပရိသတ်များ၏ အားပေးထောက်ခံမှု ရရှိထားသလို၊ နည်းပြ အာမိုရင်မ်က အသင်းအတွက် အရေးပါသည့် ကစားသမားတစ်ဦးဖြစ်သည်ဟု ပြောကြားထားသော်လည်း အပြောင်းအရွှေ့သတင်းများထွက်ပေါ်လျက်ရှိသည်။

ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်း၏ ရုန်းကန်နေရသည့် အခြေအနေကြောင့် အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိနေသလို၊ မန်ယူအသင်းကလည်း ထိုက်တန်သည့် ပြောင်းရွှေ့ကြေးရရှိပါက မည်သည့်ကစားသမားကိုမဆို ရောင်းထုတ်ရန် စဉ်းစားသွားမည်ဖြစ်ကြောင်း နီးစပ်သူများက သုံးသပ်လျက်ရှိသည်။

ယင်းအခြေအနေတွင် အယ်လ်ဟီလာအသင်းက ဘရူနိုဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း(၈၀)ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေပြီး ယင်းပမာဏမှာ မန်ယူအသင်း လက်ခံနိုင်လောက်သည့် ပမာဏဖြစ်ကြောင်းလည်း Football Insider က ဖော်ပြခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့်အပြင် တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည့် သဘောတူညီချက်လည်း ပါဝင်နေသည်။

သို့ သော် လစာမြင့်မားစွာ ရရှိမည့် ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ကစားရန် စိတ်ဝင်စားနေကြောင်း သိရသည်။

ယင်းအတွက် အေးဂျင့်ဖြစ်သူ မီဂွယ်ပင်ညိုသည် ဆော်ဒီသို့ ရောက်ရှိနေခြင်းဖြစ်ပြီး အယ်လ်ဟီလာအသင်း အခြေစိုက်ရာနေရာအနီးမှ Four Seasons ဟိုတယ်တွင် တည်းခိုနေကြောင်း၊ ယင်းဟိုတယ်၌ အယ်လ်ဟီလာအမှုဆောင်ချုပ်ဖြစ်သူကိုလည်း မြင်တွေ့ရ ကြောင်း လူမှုကွန်ရက် X တွင် ဖော်ပြမှုများ ရှိလာခဲ့သည်။

မန်ယူအသင်းက ဘရူနိုဖာနန်ဒက်စ်ကို အနာဂတ်အတွက် မေလအတွင်း ဆုံးဖြတ်ရန် ညွှန်ကြားထားကြောင်း သိရသည်။

Most Read

Most Recent