အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည့် ပြိုင်ဘက် PSG အသင်းအပေါ် လေးစားမှုအပြည့်ရှိသော်လည်း အနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အင်တာမီလန်အသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ နောက်ဆုံး (၃) နှစ်အတွင်း ဒုတိယအကြိမ်မြောက်တက်ရောက်ခဲ့ပြီး မေလ (၃၁) ရက်(စနေနေ့)တွင် ပြင်သစ်ထိပ်သီး PSG အသင်းနှင့် ကစားရမည်ဖြစ်သည်။
PSG နှင့် အင်တာမီလန်တို့၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရှိ ဘိုင်ယန်မြူးနစ်အသင်း၏ အိမ်ကွင်း အလိုင်းယန့်အရီနာတွင် ကျင်းပမည်ဖြစ်သည်။
UEFA.com နှင့် အင်တာဗျူးတွင် အင်တာမီလန်နည်းပြ အင်ဇာဂီက PSG အသင်းကို ချီးကျူးခဲ့ခြင်းဖြစ်သည်။
အင်ဇာဂီက ''PSG က အရမ်းကောင်းတဲ့ အသင်းဖြစ်ပြီး ထိပ်တန်းနည်းပြ အန်နရီကေးလည်း ရှိနေပါတယ်။ သူတို့အသင်းမှာ ပါရမီရှင်ကစားသမားတွေ ရှိနေတာကြောင့် ကျွန်တော်တို့အနေနဲ့ ပြီးပြည့်စုံအောင် ကစားနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တုုိ့အနေနဲ့ PSG အသင်းအပေါ် လေးစားမှုအပြည့်ရှိပေမဲ့ ဗိုလ်လုပွဲမှာ သူတို့ကို အနိုင်ရဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ သူတို့ကို လေးစားပေမဲ့ ကြောက်ရွံ့နေတာမျိုးတော့ မရှိပါဘူး''ဟု ပြောကြားခဲ့သည်။















