Asian Tour စနူကာပြိုင်ပွဲ ပထမနေ့တွင် အောင်ဖြိုး ကမ္ဘာ့ချန်ပီယံကို အနိုင်ရ

Asian Tour စနူကာပြိုင်ပွဲ ပထမနေ့တွင် အောင်ဖြိုး ကမ္ဘာ့ချန်ပီယံကို အနိုင်ရ
မြန်မာ့လက်ရွေးစင် စနူကာကစားသမား အောင်ဖြိုး (ဓာတ်ပုံ-ညီညီစိုးညွန့်)
မြန်မာ့လက်ရွေးစင် စနူကာကစားသမား အောင်ဖြိုး (ဓာတ်ပုံ-ညီညီစိုးညွန့်)
Published 29 October 2018

အာရှဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၁၉ Asian Tour စနူကာချန်ပီယံရှစ်ပြိုင်ပွဲ (တရုတ်ပွဲစဉ်) ကို အောက်တိုဘာ ၂၈ ရက်က စတင်ကျင်းပရာ မြန်မာ့လက်ရွေးစင် စနူကာကစားသမား အောင်ဖြိုးသည် ကမ္ဘာ့ ယူ-၂၁ ချန်ပီယံ တရုတ်နိုင်ငံသား ဝူရီဇီကို အနိုင်ရခဲ့ကြောင်း သိရသည်။ 

အာရှဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် အာရှတိုက်အတွင်း ကျင်းပသည့် စနူကာပြိုင်ပွဲများတွင် ချန်ပီယံဆုရထားသည့် ကစားသမား ၂၄ ဦးဖြင့် Asian Tour စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲကို နိုင်ငံသုံးနိုင်ငံ၌ ကျင်းပလျက်ရှိပြီး ဒုတိယမြောက်ပြိုင်ပွဲအဖြစ် တရုတ်နိုင်ငံ၌ ကျင်းပနေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် စနူကာကစားသမား အောင်ဖြိုးသည် ယခုပြိုင်ပွဲတွင် အုပ်စု (C) ၌ ဝူရီဇီ (တရုတ်)၊ ကာမယ်လ်ချာဝီရာ (အိန္ဒိယ) တို့နှင့်အတူ ကျရောက်နေပြီး အဖွင့်ပွဲတွင် အိမ်ရှင်နိုင်ငံသား ဝူရီဇီကို (၄-၃) ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အောင်ဖြိုးနှင့် ဝူရီဇီပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး အောင်ဖြိုးက နောက်ဆုံးပွဲငယ်နှစ်ပွဲဆက် အနိုင်ရခဲ့သောကြောင့် ပွဲဦးထွက် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အောင်ဖြိုးသည် ၅၅-၂၆ မှတ်၊ ၀-၆၇ မှတ်၊ ၆၂-၁၈ မှတ်၊ ၁၄-၆၄ မှတ်၊ ၂၂-၆၄ မှတ်၊ ၆၀-၁၈ မှတ်၊ ၅၇-၀ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အောင်ဖြိုးသည် အုပ်စုဒုတိယပွဲအဖြစ် အောက်တိုဘာ ၂၉ ရက် (ယနေ့) တွင် အိန္ဒိယနိုင်ငံသား ကာမယ်လ်ချာဝီရာနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ယင်းပြိုင်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပနေပြီး အောင်ဖြိုးသည် ပထမပွဲ အနိုင်ရခဲ့သောကြောင့် နောက်တစ်ဆင့် တက်ရောက်ရန် အခြေအနေ ကောင်းသွားပြီဖြစ်သည်။ 

အောင်ဖြိုးသည် ပထမဆုံးပြိုင်ပွဲအဖြစ် ကာတာနိုင်ငံ၌ ကျင်းပသည့် ပြိုင်ပွဲတွင်မူ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ အောင်ဖြိုးသည် ပြီးခဲ့သည့်မတ်လက ရန်ကုန်မြို့၌ ကျင်းပသည့် အာရှ ယူ-၂၁ စနူကာချန်ပီယံရှစ်ပြိုင်ပွဲတွင် ပါကစ္စတန်ကစားသမားကို အနိုင်ရပြီး ချန်ပီယံဆုရခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent