
အီစတာတနင်္လာနေ့ ‘ဧပြီ ၂၁ ရက်’တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကွယ်လွန်သွားပြီးနောက် ၎င်း၏မွေးရပ်ဇာတိဖြစ်သည့် အာဂျင်တီးနားနိုင်ငံတွင် နိုင်ငံတော်ဝမ်းနည်းခြင်း ကာလ ခုနစ်ရက်သတ်မှတ်လိုက်သည်။
“ဒီမနက်မှာ ပုပ်ရဟန်းမင်းကြီး ပျံလွန်တော်မူတဲ့သတင်း ကြားရလို့ အတော်လေးစိတ်မကောင်းဖြစ်ရပါတယ်။ အမြင်ကွဲလွဲမှုတွေရှိခဲ့ပေမဲ့ သူ့ရဲ့ကြင်နာမှု ၊ အမြော်အမြင် ရှိမှုတွေကို သိခွင့်ရခဲ့လို့ အရမ်းဂုဏ်ယူရပါတယ်” ဟု အာဂျင်တီးနားသမ္မတ ဟာဗီယာမလေက X လူမှုကွန်ရက်တွင် တင်ခဲ့သည်။
သမ္မတ မလေသည် ပုပ်ရဟန်းမင်းကြီးနှင့် ဆက်ဆံရေးပြေလည်ခဲ့သူ မဟုတ်ပေ။ သမ္မတမဖြစ်လာမီက မလေသည် ပုပ်ရဟန်းမင်းကြီးကို အရူးဟုခေါ်ဝေါ်ခဲ့ပြီး ကွန်မြူနစ်ဝါဒကို အားပေးနေသူဟု စွပ်စွဲခဲ့သည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့် မလေတို့ မနှစ်က ဖေဖော်ဝါရီတွင် ဗာတီကန်၌တွေ့ခဲ့ကြသေးသည်။ မလေကလည်း ဖရန်စစ်ကို အာဂျင်တီးနားသို့ အလည်အပတ်ပြန်လာရန် ဖိတ်ကြားခဲ့သည်။သို့သော် ပုပ်ရဟန်းမင်းကြီးတာဝန်ကို ယူပြီးကတည်းက ဖရန်စစ်သည် အာဂျင်တီးနားသို့ မပြန်ခဲ့ပေ။
အလားတူ ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာဝင်အများဆုံးရှိရာ ဘရာဇီးနိုင်ငံတွင်လည်း ဖရန်စစ်ပျံလွန်တော်မူသည့်အထိမ်းအမှတ်ဝမ်းနည်းခြင်းကာလ ခုနစ်ရက်သတ်မှတ်ထားသည်။ “လေးစားဖွယ်ရာ ပေးကမ်း စွန့်ကြဲတတ်သူတစ်ဦးကို ဒီကနေ့လူသားတွေ ဆုံးရှုံးလိုက်ရပြီ”ဟု ဘရာဇီးသမ္မတ လူလာ ဒီဆီလ်ဗာက x တွင် ရေးတင်ခဲ့သည်။
ခရစ်ယာန်ဘာသာဝင်အများစုရှိရာ အရှေ့တီမောနိုင်ငံတွင်လည်း ဧပြီ ၂၂ ရက်မှ စတင်ကာ နိုင်ငံတော်ဝမ်းနည်းပူဆွေးခြင်းကာလ ၇ ရက်ကိုစတင်လိုက်ပြီဖြစ်သည်။ အနှစ် ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အရှေ့တီမောသို့ ပြီးခဲ့သည့်နှစ်က ဖရန်စစ်သွားရောက်ခဲ့သည်။
ပုပ်ရဟန်းမင်းကြီးတစ်ပါး ပျံလွန်တော်မူပြီး သို့မဟုတ် တာဝန်မှနုတ်ထွက်ပြီးနောက် ဗာတီကန်အရေးကွပ်ကဲဆောင်ရွက်သူနေရာကို လက်ရှိတွင် ကာဒီနယ်ခရစ်ယာန်ဘုန်းတော်ကြီး ကက်ဗင်ဖာရယ်လ်က ယာယီယူထားသည်။ထိုနေရာအတွက် ကာဒီနယ် ဖာရယ်လ်ကို ၂၀၁၉ ခုနှစ်တွင် ဖရန်စစ်က အဆိုပြုခဲ့သည်။
Conclave ဟုခေါ်သည့် ပုပ်ရဟန်းမင်း ကြီးသစ်ရွေးချယ်ပွဲမပြီးမချင်း ဗာတီကန်၏ ယာယီအကြီးအကဲနေရာကို ဖာရယ်လ်က ဆက်ယူထားမည်။ ၎င်းသည် အမေရိကန်ရှိ ဘုရားရှိခိုးကျောင်းများတွင် အနှစ် ၃၀ ကျော် အတွေ့အကြုံရှိသည်။
ဖရန်စစ်နေရာကို ဆက်ခံမည့်သူမည်သူဖြစ်လာမည်ကို ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်ဘာသာဝင်များက စိတ်ဝင်စားလျက်ရှိသည်။ ဖရန်စစ်ကိုမြှုပ်နှံပြီးမှကျင်းပမည့် ပုပ်ရဟန်းမင်းကြီးသစ်ရွေးချယ်ပွဲသည် အလွန်ပင်လျှို့ဝှက်ပြီး စစ္စတင်းဘုရားရှိခိုးကျောင်းမီးခိုးခေါင်းတိုင်မှ အဖြူရောင်မီးခိုးထွက်လာပါက ပုပ်ရဟန်းမင်းကြီးသစ်ပေါ်ထွက်ပြီဟု အဓိပ္ပါယ်ရသည်။ အမဲရောင်မီးခိုးထွက်နေပါက ပုပ်ရဟန်းမင်းကြီးသစ် မပေါ်သေးဆိုသည့် သဘောကိုဆောင်သည်။
Conclave အတွက် အသက်၈၀ အောက်ကာဒီနယ်ဘုန်းတော်ကြီးများ ပါဝင်ခွင့်ရှိသည်။ရောမမြို့သို့ ၎င်းတို့ရောက်လာပြီးပါက Conclave စမည့်နေ့ကို သတ်မှတ်မည်။ ဖရန်စစ်၏စျာပနကို ဧပြီ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ၎င်းကို ဗာတီကန်အပြင်ဘက်ရှိ စိန့်မေရီမေဂျာဘုရားကျောင်းတွင် မြှုပ်နှံသွားမည်။
Ref: DPA