မြောက်မက်ဆီဒိုးနီးယားနိုင်ငံတွင် နိုက်ကလပ်တစ်ခု၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် MIA သတင်းအေဂျင်စီက မတ် ၁၆ ရက် တွင် ဖော်ပြခဲ့သည်။
မီးလောင်မှုဖြစ်ပွားချိန်တွင် လူပေါင်း ၁၀၀၀ ကျော်သည် ဂီတဖျော်ဖြေပွဲတစ်ခုအတွက် နိုက်ကလပ်အတွင်း စုရုံးရောက်ရှိနေကြသည်ဟု ဆိုသည်။
မီးလောင်မှုဖြစ်စဉ်သည် စကိုပ်ဂျီမြို့တော် အရှေ့ဘက်ကီလိုမီတာ ၁၀၀ ( မိုင် ၆၀) အကွာအဝေးရှိ ကိုကာနီမြို့ရှိ နိုက်ကလပ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားချိန်တွင် ဖျော်ဖြေပွဲကို ရောက်ရှိလာသူ ၁၅၀၀ ခန့် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကားပြီး MIA က ဖော်ပြခဲ့သည်။
အာဏာပိုင်များ၏ ပြောကြားချက်နှင့်ပတ်သက်ပြီး အေအက်ဖ်ပီသတင်းဌာနက ချက်ချင်းအတည်ပြုနိုင်ခြင်း မရှိပေ။
လူဦးရေ ၃၀၀၀၀ ခန့်သာ နေထိုင်သည့် အဆိုပါ ကိုကာနီမြို့ရှိ Pulse အမည်ရှိ နိုက်ကလပ်တွင် ဟစ်ပ်ဟော့ အဖွဲ့ဖြစ်သည့် DNK ၏ ဖျော်ဖြေပွဲအတွင်း မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု MIA က ဖော်ပြခဲ့သည်။
အဆိုပါ ဖျော်ဖြေပွဲကို မတ် ၁၅ ရက် ညသန်းခေါင်အချိန်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး လူငယ်အများစု တက်ရောက်ခဲ့ သည်ဟုဆိုသည်။
ဖျော်ဖြေပွဲ ကျင်းပနေချိန် မတ် ၁၅ ရက် နံနက် ၃ နာရီတွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၁၀၀ ကျော်ဒဏ်ရာရရရှိခဲ့သည်ဟု အွန်လိုင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
ဖျော်ဖြေပွဲအတွင်း မီးရှူးမီးပန်းများ အသုံးပြုမှုကြောင့် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။
Ref:AFP