
အမေရိကန်ပြည်ထောင်စုက တရုတ်(တိုင်ပေ)အနီး ဂျပန်ဒေသ အိုကီနာဝါတွင် တာဝေးပျံနိုင်သောအကြီးစား ကင်းထောက် ဒရုန်းများကို ချထားမည်ဟု ဧပြီ ၈ ရက်တွင် ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။
MQ-4C Triton ဒရုန်းများသည် အမေရိကန်-ဂျပန် မဟာမိတ်၏ ထောက်လှမ်းရေးသတင်း စုဆောင်းမှု စွမ်းရည်ကို မြင့်တက်စေလိမ့်မည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ဂျန်နာကာတာနီကပြောကြားခဲ့သည်။
တရုတ်သည် ကိုယ့်ဘာသာအုပ်ချုပ်နေသော တရုတ်(တိုင်ပေ)ကို လွန်ခဲ့သောနှစ်များတွင် ဖိအားပေးမှုများ ပိုမိုလုပ်ဆောင်ခဲ့ပြီး တရုတ်(တိုင်ပေ)ကျွန်းကို နောင်တွင် သိမ်းယူမှုရှေ့ပြေးများအဖြစ် လေ့လာဆန်း စစ်သူများက ရှုမြင်ထားသော စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်။
“ကျွန်တော်တို့ကို ၀ိုင်းပတ်ထားတဲ့ လုံခြုံရေး ပတ်ဝန်းကျင်ဟာ အလွန်အကျွံ့ဖြစ်တာတွေ တိုးလာနေပါတယ်”ဟု နာကာတာနီက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဂျပန်ဝန်းကျင်တွင်ထောက်လှမ်းရေးသတင်းစုဆောင်းမှု ၊ကင်းထောက်မှု၊ ထောက်လှမ်းမှုတို့ အားကောင်းစေရန် အလို့ငှာ Triton ဒရုန်းအချို့သည် လာမည့်သီတင်းပတ်များတွင် အိုကီနာဝါ၏ကျွန်းမကြီးပေါ်တွင် တည်ရှိသော အမေရိကန်ကာဒီနာလေ တပ်အခြေစိုက်စခန်းသို့ ရောက်လာလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံတစ်ဝန်းတွင် အမေရိကန်စစ်သား ၅၄,၀၀၀ ဝန်းကျင်ကို ချထားရာ ယင်းစစ်သားအများစုကို အိုကီနာဝါတွင် ချထားခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ်တွင် ဂျပန်စစ်တပ်က တရုတ်မှပျံသန်းလာသည်ဟု ယုံကြည်ရသော ဒရုန်းများကို ဂျပန် တောင်ပိုင်းရေပိုင်နက်တွင် ကြားဖြတ်ဟန့်တားရန် ဂျက်တိုက်လေယာဉ် ပျံသန်းမှု အကြိမ် ၃၀ လုပ်ဆောင်ခဲ့ရ သည်ဟု ဂျပန်မီဒီယာက ဖော်ပြခဲ့သည်။
ယင်းသို့ တိုက်လေယာဉ်များကို အမြန်ပျံတက်စေခဲ့ရသော အကြိမ်ရေသည် ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တုန်းက ကိုးကြိမ်ထက်ပိုများခဲ့ပြီး ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တုန်းက လေးကြိမ်ထက် ပိုများခဲ့သည်ဟု ဂျပန်၏ ယိုမီယူရီရှင်ဘွန်း သတင်းစာက ဖော်ပြခဲ့သည်။
MQ-4C ဒရုန်းများသည် အမြင့်ပျံနိုင် ပြီး ၂၄ နာရီကျော် တာရှည်ပျံနိုင်ကာ ရေမိုင် ၇,၄၀၀(ကီလိုမီတာ ၇,၄၀၀)ကျော် ပျံနိုင်သည်ဟု ယင်းဒရုန်းကို ထုတ်လုပ်သော Northrop Grumman ကုမ္ပဏီက ပြောကြား သည်။
အမြင့်ပျံနိုင်သော ဒရုန်းများလည်းပိုင်ဆိုင်ထားသော ဂျပန်စစ်တပ်က အမျိုးသားကာကွယ်ရေးကို အဆင့်မြှင့်တင်ရန် ကျယ်ပြန့်လှသော ကြိုးပမ်းမှုအဖြစ် ပိုသေးသော တိုက်ရိုက်ရေးဒရုန်းများကို ဝယ်ယူရန် သီးခြားအားဖြင့် စီစဉ်လျက်ရှိသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က နေတိုးမဟာမိတ်အဖွဲ့ဝင်များ စစ်ရေးအသုံးစရိတ်ကို ပိုသုံးကြစေရန် ဖိအားပေးလျက်ရှိသည်။
တစ်ချိန်တည်းတွင် ထရန့်ကတရုတ်ကို ထိပ်တိုက်ရင်ဆိုင်ရေးနှင့် မြောက်ကိုရီးယားကို ထိန်းထားရေးတို့အတွက် အာရှ-ပစိဖိတ်မဟာမိတ်နိုင်ငံများကိုလည်း ၎င်းတို့၏စစ်တပ်များကို အားကောင်းအောင်လုပ်စေလိုနေသည်။
နေတိုးအကြီးအကဲ မာ့ခ်ရုက ဧပြီ ၈ ရက်တွင် ဂျပန်ခရီးစဉ်ကို စတင်ခဲ့ရာတွင်ပြောကြာခဲ့ရာ၌ တရုတ်၏စစ်တပ်ချဲ့ထွင်မှုသည် မယုံနိုင်စရာဖြစ်ရသည်ဟု ဆိုခဲ့သည်။
“တရုတ်နဲ့ပတ်သက်လို့ ကျွန်တော်တို့က နုံနုံအအဖြစ်နေလို့မရပါဘူး”ဟု မာ့ခ်ရုက ဂျပန်တိုုင်း(မ်)သတင်းစာနှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“သူတို့ရဲ့စစ်တပ်ကို တည်ဆောက်မှုနဲ့ သူတို့ရဲ့ကာကွယ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ၊ သူတို့ရဲ့ကာကွယ်ရေးစွမ်းရည်တွေဟာ မယုံကြည်နိုင်လောက်အောင်ဖြစ်ရပါတယ်”ဟု အဆိုပါ အင်တာဗျူးတွင် မာ့ခ်ရုက ဖြေကြားခဲ့သည်။
Ref: AFP