ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများတွင် လာရောက်ရင်းနှီး မြှုပ်နှံရန် နစကဥက္ကဌ ဖိတ်​ခေါ်

ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများတွင် လာရောက်ရင်းနှီး မြှုပ်နှံရန် နစကဥက္ကဌ ဖိတ်​ခေါ်
Published 5 April 2025

ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများတွင် လာရောက်ရင်းနှီး မြှုပ်နှံကြရန်ဖိတ်ခေါ်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ​ပြောကြားသည်။



ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Shangri La ဟိုတယ်၌ ဧပြီ ၄ ရက် နံနက်ပိုင်းက ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။



မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် ကောင်းမွန်သည့်ရေ၊ မြေ၊ ရာသီဥတုကိုပိုင်ဆိုင်ထားကြောင်း၊ နည်းပညာရှိသည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ များ၏ ခေတ်မီသည့်စိုက်ပျိုးရေး၊ မွေးမြူရေးနည်းစနစ်များနှင့် လက်တွေ့ပေါင်းစပ် ကျင့်သုံးသွားမည်ဆိုပါက မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက်ပါ အကျိုးရှိသည့်ရလဒ်များ ခံစားရမည်ဟု မိမိအနေဖြင့် အပြည့်အဝ ယုံကြည်ကြောင်း၊ ထို့ကြောင့် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံ တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများတွင် လာရောက်ရင်းနှီး မြှုပ်နှံကြရန်ဖိတ်ခေါ်လိုကြောင်း နစက ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။



ထို့အပြင် သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်ရန်အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ဘင်းမ်စတက်လွတ်လပ်သော ကုန်သွယ်မှုဧရိယာသဘော တူညီချက်မူဘောင် (Framework Agreement on the BIMSTEC Free Trade Area Agreement FTA)ကို ၂၀၀၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း FTA ကို ထူထောင်ရန် အလှမ်းဝေးနေဆဲပင်ဖြစ်ကြောင်း၊ FTA ကို ထူထောင်ခြင်းဖြင့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကိုလျှော့ချနိုင်ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်ရေးတို့ကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ ကြောင့် FTA ၏အသီးအပွင့်များကို ရရှိခံစားနိုင်ရေးအတွက် ယင်း၏ ဆက်စပ် သဘောတူစာချုပ်များ ဆွေးနွေးအပြီးသတ်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း နစက ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။



ထို့ပြင် အရောင်းအဝယ်ကိစ္စများ အဆင်ပြေလွယ်ကူစေရန်နှင့် နိုင်ငံခြားငွေ အပေါ် မှီခိုမှုကိုလျှော့ချနိုင်ရန် ဒီဂျစ်တယ်နယ်စပ် ဖြတ်ကျော်ငွေပေးချေမှုစနစ်များ၊ ဒေသသုံးငွေကြေးများဖြင့် ကုန်သွယ်နိုင်မည့် အခြေအနေများကို ရှာဖွေဖော်ထုတ်ကြရမည် ဖြစ်ကြောင်း၊ လက်ရှိတွင်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ၌ ငွေပေးချေမှု ပိုမိုမြန်ဆန် ချောမွေ့စေရေးအတွက် မြန်မာနိုင်ငံက ထိုင်းနိုင်ငံနှင့်ကုန်သွယ်ရာတွင် “ဘတ်-ကျပ်” တိုက်ရိုက်ပေးချေမှုနှင့် အိန္ဒိယနိုင်ငံနှင့်ကုန်သွယ်ရာတွင် “ရူပီး-ကျပ်” တိုက်ရိုက်ပေးချေမှုတို့ကို ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း နစက ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် အခြားအရေးကြီး သည့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် တစ်ခုမှာဆက်သွယ်ချိတ်ဆက်မှု (connectivity) ပင်ဖြစ်ကြောင်း၊ ဆက်သွယ်ချိတ်ဆက်မှုကို ခိုင်မာအားကောင်းအောင် ဆောင်ရွက် ခြင်းဖြင့် ဒေသတွင်းကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးမှုကို မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုကို မြှင့်တင်ပေးနိုင်မည့် ဘင်းမ်စတက် ပို့ဆောင်ဆက်သွယ်ရေး ပင်မစီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း နစက ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းသည် ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုကို များစွာအထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း၊ ဒေသတွင်း ရေကြောင်းဆက်သွယ်မှုများ၊ ကုန်သွယ်မှုများနှင့် ဆိပ်ကမ်းအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ပေးနိုင်မည့် ပင်လယ်ရေကြောင်း ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းကို မိမိအနေဖြင့် ကြိုဆိုပါကြောင်းလည်း နစက ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု (energy cooperation) သည် ဒေသတွင်း သာယာဝပြောရေးအတွက် နောက်ထပ်အရေးကြီးသည့် မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ ဘင်းမ်စတက် ဓါတ်အားလိုင်းအပြန်အလှန်ချိတ်ဆက်မှုဆိုင်ရာ ပင်မစီမံကိန်းကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် စွမ်းအင်အရင်းအမြစ်များကို ထိရောက်စွာ မျှဝေသုံးစွဲ နိုင်မည် ဖြစ်သကဲ့သို့ကုန်ကျစရိတ်များကိုလည်း လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း၊ သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် ဒေသတွင်းစားနပ် ရိက္ခာဖူလုံရေးသည်အရေးကြီးလှကြောင်း၊ မိမိတို့၏ လူဦးရေသည် အစဉ်တိုးပွားလျက် ရှိသည့်အတွက် တိုးပွားလာသည့်လူဦးရေ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် စားနပ်ရိက္ခာဖူလုံရေးကို အလေးထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း နစက ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ဘင်းမ်စတက် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ ယအနေဖြင့် ဘင်းမ်စတက် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး လုပ်ငန်းစီမံချက်(၂၀၂၃-၂၀၂၇)နှင့် ဘင်းမ်စတက် ငါးလုပ်ငန်းနှင့် မွေးမြူရေးပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစီမံချက်တို့ကို ဦးဆောင်ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းစားနပ် ရိက္ခာဖူလုံမှုကို ဖြေရှင်းနိုင်ရန်အတွက် ယင်းလုပ်ငန်းစီမံချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ကြရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းလိုကြောင်းလည်း နစက ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် မိမိတို့ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကျရောက်မှု ဒဏ်ကိုမကြာခဏ ကြုံတွေ့ခံစားရလျက်ရှိကြောင်း၊ ထို့ပြင် မကြာသေးမီက မြန်မာ နိုင်ငံကိုဗဟိုပြုပြီး အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သည့်အတွက် ဒေသတွင်းနိုင်ငံအချို့ တွင်လည်း ရိုက်ခတ်မှုများရှိခဲ့ကြောင်း၊ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လက်ရှိအချိန် အထိသေဆုံးသူ ၃၃၀၁ ဦး၊ ဒဏ်ရာရရှိသူ ၄၇၉၂ ဦးနှင့် ပျောက်ဆုံးနေသူ ၂၂၁ ဦးရှိကြောင်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အခွင့်ကြုံခိုက်ပြီးခဲ့ သည့် မတ် ၂၈ ရက်က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ကြီးမားသည့် ငလျင်ကြီးကြောင့် ထိခိုက်သေဆုံးပျက်စီးမှုများ အတွက် အဖွဲ့ဝင်နိုင်ငံများက စာနာထောက်ထားမှုပြောဆိုခြင်း၊ ရှာဖွေကယ်ဆယ်ရေးအတွက် အချိန်တိုအတွင်း ရောက်ရှိကူညီပေးခြင်း၊ ကယ်ဆယ်ရေးနှင့်စားသောက်ဖွယ်ရာများ အမြန်ပေးပို့ ကူညီမှုများအတွက် မြန်မာပြည်သူများက ကျေးဇူးအထူးတင်ရှိသည်ကို ပြောကြားလိုကြောင်း နစက ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။



ထို့အပြင် ကပ်ရောဂါကာကွယ်မှု၊ ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်မှုတို့နှင့် စပ်လျဉ်း၍ ပံ့ပိုးပေး ရန် ကမ်းလှမ်းချက်အတွက် ကမ္ဘာ့ဘဏ်ကို အခါအခွင့်သင့်ခိုက် ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ ဒေသတွင်းလုံခြုံရေးသည် ကြံ့ကြံ့ခံနိုင်စွမ်းရှိရေးသည် နောက် ထပ် သော့ချက်မဏ္ဍိုင်ဖြစ်ကြောင်း၊ ဆိုက်ဘာလုံခြုံရေး၊ ရေကြောင်းလုံခြုံရေးနှင့် လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးမှောင်ခိုမှု၊ အွန်လိုင်း လိမ်လည်မှုကဲ့သို့သော နိုင်ငံဖြတ် ကျော်ရာဇ၀တ်မှုများကို တိုက်ဖျက်ရာ၌ မိမိတို့၏ တရားဥပဒေစိုးမိုးရေးအေဂျင်စီများ အကြား အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုများလိုအပ်ကြောင်း နစက ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။



ဒေသတွင်းနှင့် နိုင်ငံတကာတွင် ကြီးထွားလာသည့် အွန်လိုင်း လိမ်လည်မှုများကို ပူးပေါင်းတိုက်ဖျက်ကြရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတွင် အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲဆောင်ရွက် လျက်ရှိရာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ အသုံးချရန် လူကုန်ကူးခံရသူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက် ရှိကြောင်း၊ ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်နိုင်သည့်အတွက် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကို မိမိတို့အဖွဲ့ဝင်နိုင်ငံများအကြား ရေတိုမဟုတ်ဘဲ အမြဲတမ်းပူးပေါင်းဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်းလည်း နစက ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။



ထို့နောက် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်က ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ အစီရင်ခံတင်ပြပြီး (၁၉)ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်နှင့် အကြိမ်(၂၀)မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှတ်တမ်းတို့အား အတည်ပြုခြင်း၊ ဘင်းမ်စတက်ဗန်ကောက်မျှော်မှန်းချက် ၂၀၃၀ အားသုံးသပ်ခြင်းနှင့်အတည်ပြုခြင်း၊ ဘင်းမ်စတ်က်ယန္တရားများဆိုင်ရာလုပ်ထုံးလုပ်နည်း များကို သုံးသပ်ခြင်းနှင့်အတည်ပြုခြင်း၊ ထင်ပေါ်ကျော်ကြားပညာရှင်များအဖွဲ့၏ အစီရင်ခံစာကိုသုံးသပ်ခြင်း၊ ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ကြေညာစာတမ်းကို အတည်ပြုခြင်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။



ထို့နောက် ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌတာဝန်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြံပေးပုဂ္ဂိုလ်ချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အလှည့်ကျဥက္ကဋ္ဌသစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြံပေးပုဂ္ဂိုလ်ချုပ် က အမှာစကားပြောကြားပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်က အပိတ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent