မြောက်ဥက္ကလာပမြို့နယ်တွင် စက်ဘီးစီးပြီး အလုပ်မှ ပြန်လာသည့် မိသားစုဝင်သုံးဦး ယာဉ်တိိုက်ခံရပြီး ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။
မတ် ၃ ရက် ည ၉ နာရီခွဲခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ တံတားအဆင်းအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ဝန်းရံမှုးလူမှုကူညီရေးအသင်းမှ သွားရောက်ခဲ့ကြောင်း သိရသည်။
“ညဘက်သတင်းကြားတော့ အကိုတို့ သွားရောက်ခဲ့တာပါ။ အလုပ်ကနေ စက်ဘီးစီးပြီး ပြန်လာတဲ့ မိသားစုကို ကားတစ်စီးက တိုက်သွားတာပါ။ အဖေရော အမေရောက အပြင်းအထန်လူနာအဖြစ် ဆေးရုံကို တင်ထားရတော့ အသက် နှစ်နှစ်အရွယ်ကလေးကို အကိုတို့က ချော့ရတယ်။ ဆေးရုံတင်ထားရင်း မိခင်ဖြစ်သူ အမျိုးသမီးက ဆုံးပါးသွားခဲ့ပါတယ်” ဟု ဝန်းရံမှုးလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးထွန်းမြတ်ညွန့်က ပြောကြားသည်။
သေဆုံးသူအမျိုးသမီးမှာ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း၊ ယာဉ်တိုက်ခံရသည့် မိသားစုမှာ စွယ်တော်ဘုရားဝင်းအနောက်ဖက်ရပ်ကွက်အတွင်း နေထိုင်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသမီး၏ နေအိမ်သို့ ဝန်းရံမှုးလူမှုကူညီရေးအသင်းနှင့် အလှုရှင်များမှ သွားရောက်လှုဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စက်ဘီးအား တိုက်၍ထွက်ပြေးသွားသည့် ယာဉ်အား စီစီတီဗီမှတ်တမ်းများဖြင့် ရှာဖွေနေကြောင်း သေဆုံးသူ၏ မိသားစုဝင်များထံမှ သိရသည်။
အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။















