၂၀၂၄ ခုနှစ်အတွင်း ပရော်ဖက်ရှင်နယ်နှင့် အပျော်တမ်း အမျိုးသား၊ အမျိုးသမီး ဘောလုံးတွင် ကစားသမားအပြောင်းအရွှေ့ ပြုလုပ်မှု စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ထုတ်ပြန်သည့် ၂၀၂၄ FIFA ကမ္ဘာလုံးဆိုင်ရာ အပြောင်းအရွှေ့အစီရင်ခံစာအရ ပရော်ဖက်ရှင်နယ်နှင့် အပျော်တမ်း အမျိုးသား၊ အမျိုးသမီးဘောလုံးတွင် ကစားသမားအပြောင်းအရွှေ့ပြုလုပ်မှု ၇၈ç၇၄၂ ကြိမ်ရှိပြီး စံချိန်သစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့ပြင် ပရော်ဖက်ရှင်နယ်အမျိုးသားဘောလုံးတွင် စံချိန်တင်အပြောင်းအရွှေ့စုစုပေါင်း ၂၂ç၇၇၉ ကြိမ် ပြုလုပ်ခဲ့ပြီး ပြောင်းရွှေ့ကြေးအသုံးစရိတ်မှာလည်း ဒေါ်လာ ၈ ဒသမ ၅၉ ဘီလျံရှိကာ သမိုင်းတစ်လျှောက် ဒုတိယအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအသုံးစရိတ် အများဆုံးအဖြစ် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၉ ဒသမ ၆၆ ဘီလျံဖြင့် စံချိန်တင်ထားခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြောင်းရွှေ့ကြေးအသုံးစရိတ်အများဆုံးနှင့် ကစားသမားရောင်းချမှုမှ ဝင်ငွေအများဆုံး ရရှိသည့်နိုင်ငံအဖြစ် အင်္ဂလန်ကလပ်များက ရပ်တည်ခဲ့ပြီး ကစားသမားခေါ်ယူမှုအတွက် ဒေါ်လာ ၁ ဒသမ ၈၈ ဘီလျံ အသုံးပြုခဲ့သလို ကစားသမားရောင်းချရာမှ ဒေါ်လာ ၁ ဒသမ ၃၄ ဘီလျံ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
အသုံးစရိတ်အများဆုံးစာရင်းတွင် ပြင်သစ် ကလပ်များက ဒေါ်လာ ၉၉၄ ဒသမ ၉ သန်း ဖြင့် ဒုတိယ၊ အီတလီကလပ်များက ဒေါ်လာ ၉၃၇ ဒသမ ၉ သန်းဖြင့် တတိယ၊ စပိန်ကလပ်များက ဒေါ်လာ ၇၆၁ ဒသမ ၈ သန်းဖြင့် စတုတ္ထ၊ ဂျာမနီကလပ်များက ဒေါ်လာ ၇၂၄ ဒသမ ၉ သန်းဖြင့် ပဥ္စမနေရာ ရပ်တည်ခဲ့ပြီး ကစားသမားရောင်းချမှုမှ ဝင်ငွေအများဆုံး စာရင်းတွင် ပြင်သစ်ကလပ်များက ဒေါ်လာ ၈၆၈ ဒသမ ၄ သန်းဖြင့် ဒုတိယ၊ ပေါ်တူဂီ ကလပ်များက ဒေါ်လာ ၆၇၁ ဒသမ ၈ သန်း ဖြင့် တတိယ၊ စပိန်ကလပ်များက ဒေါ်လာ ၆၅၁ သန်းဖြင့် စတုတ္ထ၊ ဘရာဇီးကလပ်များ က ဒေါ်လာ ၅၉၁ ဒသမ ၅ သန်းဖြင့် ပဥ္စမ နေရာတွင် ရပ်တည်ခဲ့သည်။
ပရော်ဖက်ရှင်နယ် အမျိုးသမီးဘောလုံးတွင်လည်း စံချိန်တင် အပြောင်းအရွှေ့စုစု ပေါင်း ၂၂၈၄ ကြိမ်ပြုလုပ်ခဲ့ပြီး ပြောင်းရွှေ့ကြေးအသုံးစရိတ် ဒေါ်လာ ၁၅ ဒသမ ၆ သန်း ဖြင့် စံချိန်သစ်တင်ခဲ့သည်။ ပြောင်းရွှေ့ကြေး အသုံးစရိတ်မှာ ယခင်နှစ်တွင် စံချိန်တင်ခဲ့သည့် ဒေါ်လာ ၆ ဒသမ ၁ သန်းထက် နှစ်ဆခွဲ ကျော်ပိုများပြီး ၁၅၄ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။
အမျိုးသမီး ဘောလုံး၏ ပြောင်းရွှေ့ကြေးအသုံးစရိတ်မှာ ငါးနှစ်ဆက်တိုက် မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ သုည ဒသမ ၆ သန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ဒေါ်လာ ၁ ဒသမ ၂ သန်း၊ ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ နှစ်သန်း၊ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၃ သန်း၊ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၆ ဒသမ ၁ သန်း၊ ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၁၅ ဒသမ ၆ သန်း အသုံးပြုထားသည်။















