ယူကရိန်းစစ်ပွဲ၌ မြောက်ကိုရီးယား ပါဝင်ပတ်သက်မှုက အန္တရာယ်များသော ပဋိပက္ခချဲ့ထွင်မှုဟု အမေရိကန်နှင့် မဟာမိတ်များ ပြောကြား

ယူကရိန်းစစ်ပွဲ၌ မြောက်ကိုရီးယား ပါဝင်ပတ်သက်မှုက အန္တရာယ်များသော ပဋိပက္ခချဲ့ထွင်မှုဟု အမေရိကန်နှင့် မဟာမိတ်များ ပြောကြား
မြောက်ကိုရီးယာခေါင်းဆောင်ကင် ဂျုံအွန်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဇွန် ၁၉ ရက်က ပြုံယမ်းတွင် နိုင်ငံတော်အခမ်းအနားဖြင့် ကြိုဆိုပုံကို တွေ့ရစဉ်(Photo: AFP)
မြောက်ကိုရီးယာခေါင်းဆောင်ကင် ဂျုံအွန်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဇွန် ၁၉ ရက်က ပြုံယမ်းတွင် နိုင်ငံတော်အခမ်းအနားဖြင့် ကြိုဆိုပုံကို တွေ့ရစဉ်(Photo: AFP)
Published 17 December 2024

ယူကရိန်းနိုင်ငံ၌ ရုရှားဆင်နွှဲနေသောစစ်ပွဲတွင် မြောက်ကိုရီးယား၏ပါဝင်ပတ်သက်မှုတိုးလာခြင်းသည် အန္တရာယ်များ သောပဋိပက္ခချဲ့ထွင်မှုဟု ဒီဇင်ဘာ ၁၆ ရက်တွင် အမေရိကန်ပြည်ထောင်စုကထုတ်ပြန်သော ပူးတွဲထုတ်ပြန်ချက်တွင်နိုင်ငံ ၁၀ နိုင်ငံနှင့် ဥရောပသမဂ္ဂတို့က ပြောကြားခဲ့ကြသည်။

မြောက်ကိုရီးယားသည် ရုရှား၏စစ်ရေးကြိုးပမ်းမှုများကို အားဖြည့်ပေးရန် စစ်သားထောင်ပေါင်းများစွာကို စေလွှတ်ပေးခဲ့သည်။ ရုရှား၏ကာ့ရှ်နယ်စပ်ဒေသို့လည်း မြောက်ကိုရီးယားစစ်သားများကို စေလွှတ်ပေးခဲ့ရာ  ယင်းဒေသတွင် မြောက်ကိုရီးယားစစ်သားများ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းတို့ရှိခဲ့သည်ဟု ယူကရိန်းနှင့် အမေရိကန်တို့က ပြောကြားခဲ့ကြသည်။

“ယူကရိန်းကို ရုရှားရဲ့ကျူးကျော်စစ်အတွက် မြောက်ကိုရီးယားရဲ့တိုက်ရိုက်ပံ့ပိုးမှုဟာ ပဋိပက္ခကို အန္တရာယ်များလှတဲ့ ချဲ့ထွင်မှုဖြစ်ပြီးတော့ ဥရောပလုံခြုံရေးနဲ့အင်ဒို-ပစိဖိတ်လုံခြုံရေးတို့အတွက် စိုးရိမ်စရာ အကျိုးဆက်တွေရှိလာပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့၏ နိုင်ငံခြားရေး ဝန်ကြီးများနှင့် ဥရောပသမဂ္ဂ၏ကိုယ်စားလှယ်တို့က ပူးတွဲထုတ်ပြန်ချက်တွင် လက်မှတ်ရေးထိုးထားသည်။

လူအများအပြား ပျက်စီးဆုံးရှုံးစေနိုင်သောလက်နက်များ အပါအဝင်မြောက်ကို ရီးယား၏တရားမဝင်လက်နက် အစီအစဉ်များအတွက် ရုရှားကပံ့ပိုးပေးဖွယ်ရာရှိသည့် နိုင်ငံရေး၊ စစ်ရေး သို့မဟုတ် စီးပွားရေးဆိုင်ရာ အထောက်အပံ့မှန်သမျှအတွက် မိမိတို့အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေတြိဂံဘဏ်၊ ကိုရီးယားမန်ဒယ်ခရက်ဒစ်ဘဏ်တို့အပါအဝင် မြောက်ကိုရီးယားနိုင်ငံကို ဘဏ္ဍာရေးနှင့်စစ်ရေး အထောက်အပံ့များပေးသည့်ကိစ္စနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၆ ရက်တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက လူပုဂ္ဂိုလ်ကိုးဦးနှင့် လုပ်ငန်းခုနစ်ခုတို့ကို ပိတ်ဆို့မှုများချမှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ရေးအကူအညီပေးသည့်အတွက် ပိတ်ဆို့ခံရသူများထဲတွင် ရုရှားသို့ပို့ဆောင် လိုက်သောစစ်သားများနှင့်အတူ လိုက်ပါသွားသည်ဟုဆိုသော ဗိုလ်ချုပ် ရီချန်ဟိုး ပါဝင်ခဲ့သည်။

မြောက်ကိုရီးယား၏ပဲ့ထိန်းဒုံးကျည် အစီအစဉ်နှင့်ဆက်စပ်နေသော အဖွဲ့အစည်းသုံးခုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

“အဲဒီလုပ်ရပ်တွေဟာ မြောက်ကိုရီးယားရဲ့ကျူးကျော်ရန်စမှု မြင့်တက်လာတာကို ထင်ဟပ်နေပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေကို ပိုမိုဆိုးရွားလာစေပြီး ဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးတို့ကို မတည်မငြိမ်ဖြစ်စေတဲ့ ရန်လိုတဲ့ စစ်ရေးသဘောထားတို့ကို ထင်ဟပ်နေပါတယ်”ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ယူကရိန်းကို မော်စကိုကျူးကျော်ကတည်းက မြောက်ကိုရီးယားနှင့် ရုရှားတို့သည် ၎င်းတို့ ၏စစ်ဘက်ဆက်ဆံရေးများကို အားကောင်းအောင်ဆောင်ရွက်ခဲ့ကြသည်။ မြောက်ကိုရီး ယားနှင့် ရုရှားတို့ဇွန်လထဲတွင် လက်မှတ်ရေးထိုးခဲ့သော အထင်ကရကာကွယ်ရေးသဘောတူစာချုပ်သည် ယခုလ စောစောပိုင်းတွင် အကျိုးသက်ရောက်ခဲ့သည်။

နျူကလီးယားလက်နက်တပ်ဆင်ထားသော မြောက်ကိုရီးယား၏ခေါင်းဆောင် ကင်ဂျုံအွန်သည် အဆင့်မြင့်နည်းပညာများကို ရုရှားထံမှ ဝယ်ယူရန်နှင့် ၎င်း၏စစ်သားများအတွက် တိုက်ပွဲအတွေ့အကြုံရစေရန် စိတ်အားထက်သန်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

ယူကရိန်းစစ်ပွဲတွင်အသုံးပြုရေးအတွက် မြောက်ကိုရီးယားစစ်သားများကို ရုရှားတွင် ဖြန့်ကြက်မှုအပါအဝင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးလာခြင်းကိုလည်းကန့် ကွက်ကြောင်းဖော်ပြထားသည်။

Ref: AFP

Most Read

Most Recent