■ ပရီးမီးယားလိဂ်ပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 13 December 2024

ဘရိုက်တန် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၈:၃၀ နာရီ)

ဘရိုက်တန်က မန်စီးတီးနဲ့ ဘုန်းမောက်တို့လိုအသင်းတွေကို ဆက်တိုက်အနိုင်ရခဲ့ပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ (၃) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ ဒီ (၃) ပွဲမှာ ဆောက်သမ်တန်နဲ့ လက်စတာတို့ကို သရေကျပြီး ဖူလ်ဟမ်ကို ရှုံးတယ်။ လက်စတာကိုလည်း (၂) ဂိုးသွင်းပြီးမှ သရေကျခဲ့တာဖြစ်တယ်။ ပဲလေ့စ်က ပရီးမီးယားလိဂ်မှာ (၅) ပွဲဆက် ရှုံးပွဲမရှိကစားခဲ့တယ်။ ဒီပွဲလည်း ပဲလေ့စ် သရေခံကစားနိုင်တယ်။



မန်စီးတီး - မန်ယူ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၁၁:၀၀ နာရီ)

မန်စီးတီးအသင်းက အောက်တိုဘာတုန်းက ဆောက်သမ်တန်ကို အိမ်ကွင်းမှာ (၁-၀) ဂိုးနဲ့ ကပ်နိုင်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ နောက်ဆုံး (၁၀) ပွဲမှာ နော်တင်ဟမ်ဖောရက်စ်တစ်သင်းတည်းကို (၃-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့တယ်။ ဖောရက်စ်ကို အနိုင်ယူပြီးနောက် မှာလည်း Rhythm ပြန်မှန်လာပြီလားလို့ စောင့်ကြည့်ခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်ကို (၂-၂) သရေကျခဲ့ပြန်တယ်။ မန်ယူနိုက် တက်ကတော့ နောက်ဆုံး (၂) ပွဲမှာ အာဆင်နယ်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ကို ဆက်တိုက်ရှုံးခဲ့ပြီး အသင်းနည်းပြ ရူဘင်အာမိုရင်မ်လည်း ဖိအားတွေ စတင်ရင်ဆိုင်လာရတယ်။ လက်ရှိအချိန်မှာ နှစ်သင်းစလုံးရဲ့ခြေစွမ်းက အကျပိုင်းကို ရောက်နေပြီး ဂွါဒီယိုလာရော၊ အာမိုရင်မ်ပါ ဒီပွဲကို Turning Point အဖြစ် ပြန်ပြောင်းလဲရမယ့် အခြေအနေလည်းဖြစ်တယ်။ မန်ယူအသင်းက ကစားပုံ မဆိုးသလို၊ မန်စီးတီးကို ဒုက္ခပေးနိုင်တဲ့ Counter တွေလည်း ရှိတယ်။ မန်စီးတီး (၂-၁) လောက်ပဲ ကပ်နိုင်မယ်။ 



ချယ်လ်ဆီး - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁:၃၀ နာရီ)

လန်ဒန်ကလပ်အသင်း နှစ်သင်းရဲ့ပွဲဖြစ်ပြီး နှစ်သင်းစလုံးက ပုံစံကောင်းပြနေတယ်။ အထူးသဖြင့် ချယ်လ်ဆီးက အာဆင်နယ်နဲ့ သရေကစားခဲ့ပြီးနောက်၊ နောက်ဆုံး (၅) ပွဲဆက် အနိုင်ရခဲ့တယ်။ နောက်ဆုံး (၅) ပွဲမှာ သွင်းဂိုး (၁၆) ဂိုးအထိလည်း သွင်းယူနိုင်ခဲ့တယ်။ ဘရန့်ဖို့ဒ်ကတော့ အိမ်ကွင်းမှာ နိုင်လိုက်၊ အဝေးကွင်းမှာ နိုင်ပွဲပျောက်လိုက် ဖြစ်နေတယ်။ ဒီပွဲလည်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီး အနိုင်ယူမှာပါ။ 



ဆောက်သမ်တန် - စပါး (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁:၃၀ နာရီ)

ဆောက်သမ်တန်က ခြေစွမ်းပိုင်း မဆိုးပေမယ့် ရလဒ်ကတော့ တော်တော် ဆိုးတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲစဉ် (၁၅) အထိ ကစားပြီးချိန်မှာ ရမှတ် (၅) မှတ်ပဲ ရထားတယ်။ တစ်ရာသီလုံးမှာ ဂိုးကွာခြားချက်အဆိုးရွားဆုံးအသင်းလည်းဖြစ်နေပြီး နောက်ဆုံးကစားခဲ့တဲ့ (၁၀) ပွဲမှာလည်း (၁) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၈) ပွဲ ရှုံးခဲ့တယ်။ စပါးကလည်း ရလဒ်ဆိုးနေတဲ့အသင်းပါ။ ဒါပေမဲ့ ဆောက်သမ်တန်ကိုတော့ အနိုင်ကစားပါလိမ့်မယ်။ 

Most Read

Most Recent