ဆီးရီးယားသမ္မတ ဘာရှာအာဆတ်၏ ကျရှုံးမှုသည် အီရန်ကို အားနည်းသွားစေမည်မဟုတ်ကြောင်း အီရန်၏အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီက ဒီဇင် ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
အာဆတ်၏ ကျရှုံးမှုသည် အီရန်၏ အင်အားကို ယုတ်လျော့စေမည်မဟုတ်ဘဲ အစ္စရေးဆန့်ကျင်သည့် တော်လှန်မှုကိုလည်း အားနည်းသွားစေမည်မဟုတ်ကြောင်း ခါမေနီက ပြောသည်။
“တော်လှန်ရေးရဲ့ အဓိပ္ပာယ်ကို သတိမထားမိတဲ့သူတစ်ချိုက တော်လှန်ရေးဟာအားနည်းသွားလိမ့်မယ်။ အစ္စလာမ်မစ်အီရန်နိုင်ငံဟာလည်း အားနည်းသွားလိမ့်မယ်လို့ ထင်ထားကြပါတယ်။ အီရန်ဟာ ခိုင်မာ တောင့်တင်းပြီး အင်းအားရှိနေသလို အခုထက်ပိုပြီးတော့လည်း အင်အားကြီးမားလာမှာဖြစ်ပါတယ်”ဟု ခါမေနီက အာဆတ်၏ ကျရှုံးခန်းအပြီး ပထမဆုံးမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်ကုန်က ဆီးရီးယားသူပုန်များသည် အစိုးရတပ်ဖွဲ့များကို လျှင်မြန်စွာထိုးစစ်ဆင်ခဲ့ပြီး အာဆတ်သည် ဆီးရီးယားမှထွက်ပြေးသွားခဲ့ပြီးနောက် သူပုန်များက ဒမတ်စကတ်မြို့တော်ကို ထိန်းချုပ် ကြောင်းကြေညာခဲ့သည်။
သူပုန်များက အာဆတ်၏ အုပ်ချုပ်မှုအဆုံးသတ်ကြောင်း ကြေညာခဲ့ပြီးနောက်တစ်ချိန်က အီရန်၏ မဟာမိတ်ဖြစ်ခဲ့သည့် အာဆတ်မိသားစု၏ ဆယ်စုနှစ်များစွာကြာ အုပ်ချုပ်မှုလည်း အဆုံးသတ်သွားခဲ့သည်။
အာဆတ်သည် အီရန်၏ အစ္စရေးဆန့်ကျင်သည့် တော်လှန်ဝင်ရိုးစွန်းအဖွဲ့များကြားတွင် မဟာဗျူဟာကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အထူးသဖြင့် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့ထံ အီရန်၏လက်နက်များ ထောက်ပံ့မှုကို ကူညီဆောင်ရွက်ပေးခဲ့သည်။
တော်လှန်ဝင်ရိုးစွန်းအဖွဲ့တွင် လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာ၊ဂါဇာကမ်းမြောင်ဒေသမှ ဟားမာ့စ်၊ ယီမင်နိုင်ငံ၏ ဟူရ်သီနှင့် အီရတ်ရှိ ရှီးယားပြည်သူ့စစ်များ ပါဝင်သည်။
ထိုအဖွဲ့များအားလုံးသည် အစ္စရေးနှင့် ၎င်း၏ မဟာမိတ်အမေရိကန်ကို ဆန့်ကျင်တိုက်ခိုက်ရန် ပူးပေါင်းခဲ့ကြသည်။
အမေရိကန်နှင့် အစ္စရေးသည် အာဆတ်ကို ဆန့်ကျင်ရန် ပူးပေါင်းကြံစည်ခဲ့ကြကြောင်း ခါမေနီက ပြောသည်။
“ဆီးရီးယားမှာဖြစ်ပွားတာတွေက အမေရိကန်-အစ္စရေး ပူးပေါင်းကြံစည်မှုရဲ့ ရလဒ်ဆိုတာကို ဘယ်သူကမှ သံသယမရှိသင့်ပါဘူး”ဟု ခါမေနီကပြောသည်။
ထို့ပြင် ဆီးရီးယား၏ အိမ်နီးချင်းတစ်နိုင်ငံကလည်း အာဆတ်အစိုးရပြုတ်ကျမှုတွင် ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ခါမေနီက ပြောကြားခဲ့ပြီး ထိုနိုင်ငံ၏ အမည်ကို ထုတ်ဖော်ခဲ့ခြင်းမရှိပေ။
ဆီးရီးယားနှင့် နယ်စပ်ချင်းထိစပ်နေသည့်နိုင်ငံများမှာ အီရတ်၊ အစ္စရေး၊ ဂျော်ဒန်၊ လက်ဘနွန်နှင့် တူရကီနိုင်ငံတို့ဖြစ်သည်။
ထိုအိမ်နီးချင်းနိုင်ငံများအနက် တူရကီသည် အာဆတ်အစိုးရပြုတ်ကျရေးကို ကာလကြာရှည် အားပေးထောက်ခံခဲ့သည်။
ဆီးရီးယားတွင် မတူကွဲပြားသည့် ကျူးကျော်သူများသည် မတူညီသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ခါမေနီက ပြောသည်။
“သူတို့ရဲ့ ရည်ရွယ်ချက်တွေက ကွဲပြားပါတယ်။ တစ်ချို့ကတော့ ဆီးရီးယားမြောက်ပိုင်း ဒါမှမဟုတ် တောင်ပိုင်းက နယ်မြေတွေကို သိမ်းပိုက်ဖို့ ကြိုးပမ်းကြပါတယ်။ အမေရိကန်ကလည်း ဒေသတွင်း သူ့ရဲ့ အနေအထားကို ခိုင်မာစေဖို့ ကြိုးပမ်းနေပါတယ်”ဟု ခါမေနီက ပြောသည်။
ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် တူရကီတပ်ဖွဲ့များရှိနေပြီး တောင်ပိုင်းတွင်မူ အစ္စရေးစစ်တပ်က စစ်မဲ့ဇုန်အတွင်း ဝင်ရောက်နေရာ ယူထားသည်။
Ref: AFP














