မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ တက်ရောက်ခဲ့ပြီး စိုက်ပျိုး/မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သုတေသနလုပ်ငန်းများ၊ ဖွံ့ဖြိုးမှုနှင့်နည်းပညာဖြန့်ဖြူးခြင်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယနေ့(နိုဝင်ဘာ ၅ ရက်) နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ HUALUXE Kunming Hotel ၌ ကျင်းပပြုလုပ်ရာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ယနေ့အချိန်တွင် တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများအကြား၊ စီးပွားရေး လုပ်ငန်းများအကြား၊ အစိုးရဌာနများအကြား ကောင်းမွန်သည့် ဆက်ဆံရေးများကို လက်တွေ့ဖော်ဆောင်ရင်း အပြန်အလှန်ယုံကြည်မှုများ ပိုမိုတိုးတက် ခိုင်မြဲလာသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်း ကောင်းစွာဆောင်ရွက်နိုင်သည့် ရာသီဥတုနှင့်မြေအကျယ်အဝန်းရှိပြီး အရှေ့တောင်အာရှဒေသတွင် လယ်ယာမြေဟက်တာ ၆၅ သန်းကျော်ရှိသော လယ်ယာမြေ အများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးမြေ ၏ ၂၀ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးနိုင်ခြင်းကြောင့် ယင်းသည် မြေဆီဩဇာ ကြွယ်ဝကောင်းမွန်ပြီး ဓာတုပစ္စည်းများသက်ရောက်မှုမရှိသေးသည့် စိုက်ပျိုးမြေနေရာများစွာကို ရင်းနှီးမြှုပ်နှံလိုသူများအတွက် အခွင့်အလမ်းကောင်းများပင် ဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးရေးကိုအခြေခံသည့် မွေးမြူရေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့် ပြန့် ရင်းနှီး မြှုပ်နှံလုပ်ကိုင်ကြရန် အခွင့်အလမ်းများလည်းရှိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
တရုတ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာများနှင့် ဇီဝနည်းပညာသုံး စိုက်ပျိုးနည်းစနစ်ကို အောင်မြင်စွာ အသုံးပြုနေသည်ကို လေ့လာတွေ့ရှိရခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် နည်းပညာ လွှဲပြောင်းရယူရေး၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးထုတ်ကုန်များ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အစား အစာ ဘေးကင်းလုံခြုံမှုရှိပြီး ဂေဟစနစ်ကို ရေရှည်ထိန်းသိမ်းထားနိုင်သည့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး မိမိတို့၏ မိတ်ဖက်စီးပွားရေး လုပ်ငန်းရှင်များနှင့် ယခု ထက်ပိုပြီး ပူးပေါင်းဆောင်ရွက်သွားရန် ဖိတ်ခေါ်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ရှိရင်းစွဲ သဘာဝကပေးသည့် စိုက်ပျိုးမွေးမြူရေး အခြေခံကောင်းများကိုအသုံးချပြီး ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ အဓိကထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်စေရေး ဆောင်ရွက်နေကြောင်း၊ မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်း ထုတ်ကုန်များ တိုးတက်မြင့်မားလာစေရန်အတွက် စိုက်ပျိုးရေးနည်းစနစ်များနှင့်အတူ အခြေခံလိုအပ်ချက်ဖြစ်သည့် ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ သဘာဝမြေဩဇာထုတ် လုပ်ရေး၊ အပင်အားဆေးနှင့် ပိုးသတ်ဆေးလိုအပ်ချက်များလည်း ရှိနေပါကြောင်း၊ စက်မှုလယ်ယာကဏ္ဍကို အရှိန် အဟုန် မြှင့်တင်နိုင်မည့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခြွေလှေ့ခြင်း၊ သိုလှောင်ခြင်း တို့အတွက် ခေတ်မီစက်ကိရိယာများ၊ သိုလှောင်ရုံများ ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အပြင် လက်ရှိဆောင်ရွက်နေသည့် ကြက်၊ ဝက်၊ နွားမွေးမြူရေးလုပ်ငန်းများတွင် ခေတ်မီနည်းစနစ်များဖြင့် မွေးမြူပြီး အေးခဲအသားထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍကို စက်မှုလယ်ယာအဖြစ် မြှင့်တင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားခြင်းကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင် ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရန် သီးခြားကူညီထောက်ပံ့မှုများ ပံ့ပိုးပေးလျက်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် လိုအပ်သည့် ဘိလပ်မြေများကို ပြည်တွင်းတွင် လုံလောက်အောင် မထုတ်လုပ်နိုင်သေးသည့်အတွက် ဘိလပ်မြေ ထုတ်လုပ်ရေးကဏ္ဍကလည်း အခွင့်အလမ်းများစွာ ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် ဘိလပ်မြေထုတ်လုပ်ရန် အခြေခံကုန်ကြမ်းများဖြစ် သည့် ထုံးကျောက်၊ ဂျစ်ပဆန်နှင့် ဂေါ်ဒန်ကျောက်များ ပေါကြွယ်ဝကြောင်း၊ ထို့ပြင် နေ့စဉ်မဖြစ်မနေအသုံးပြုနေရသည့် လျှပ်စစ်ဓာတ်အားအတွက်လည်း တရုတ်နိုင်ငံတွင် အောင်မြင်ပြီးဖြစ်သည့် ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ၊ ရေအားလျှပ်စစ်လုပ်ငန်းများကို လာရောက်ရင်းနှီးလုပ်ကိုင်စေလိုကြောင်း၊ တရုတ်နိုင်ငံ သည် လျှပ်စစ်ကားကဏ္ဍတွင် ကမ္ဘာ့ဦးဆောင်နေရာကိုရရှိပြီး ဖြစ်သောကြောင့် လျှပ်စစ်ကားလုပ်ငန်းကိုလည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ဓာတ်မြေဩဇာ ထုတ်လုပ်ခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးလျှပ်စစ်သုံးယာဉ် ထုတ်လုပ်ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး တန်ဖိုးမြင့် ထုတ် ကုန်များ ထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းနှင့် စားသုံးဆီ ထုတ်လုပ်ခြင်းစသည့် ကဏ္ဍများတွင် မိမိတို့၏ မိတ်ဖက်စီးပွားရေး လုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ပါက ဦးစားပေးပြီး ဝန်ဆောင်မှုများ အထူးပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့နိုင်ငံတွင် ၁၉၈၈ ခုနှစ် မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကဏ္ဍ ၁၂ ခုတွင် အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၃၈ ဘီလျံ ရှိခဲ့ကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သွင်းကုန်/ပို့ကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်ရှိသောကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ခိုင်မာအားကောင်းနေသည်ကို ပေါ်လွင်နေကြောင်း၊ ထို့ပြင် မြန်မာ နိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြားတွင် နယ်နိမိတ်ချင်း ထိစပ်ရပ်တည်နေသောကြောင့် စားနပ်ရိက္ခာ၊ အခြားကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး အဆင့်မီတိုးမြှင့် ထုတ်လုပ်ရန် အခွင့်အလမ်းရှိသည့်နိုင်ငံ ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်မက တိုးမြှင့်သွားလိုကြောင်း၊ ယင်းအတွက်လည်း မိမိတို့၏ မိတ်ဖက်စီးပွား ရေးလုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များနှင့် အခွန် ကင်းလွတ်သက်သာခွင့်များ ကို သိသာစွာ ပံ့ပိုးပေးထားကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ အခြေခံအဆောက်အဦကဏ္ဍများနှင့် စပ်လျဉ်း ပြီး မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံရာ နေရာ၌ အချက်အချာကျကျ တည်ရှိသောကြောင့် လမ်းပန်းဆက်သွယ်မှု လမ်းဆုံနေ ရာတွင်ရှိကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီး ပေးနိုင်မည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအ ဆောက်အဦကဏ္ဍသည်လည်း အလားအလာကောင်းများရှိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်လုပ်ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန် ကုန်သွယ်မှု၊ နယ်စပ်ငွေလွှဲပြောင်း ပေးချေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် ယွမ်-ကျပ် တိုက်ရိုက်ငွေ ပေးချေမှုစနစ် ကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ယွမ်နှင့် ရင်းနှီးမြှုပ်နှံမှုများ အပြည့်အဝပြုလုပ်နိုင်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အပြင် တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုး တိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှု အစီအစဥ် (Global Development Initiatives-GDI) တွင် ပါဝင်သည့် ဦးစားပေးနယ်ပယ်(၈)ခုတွင်လည်း မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေသောကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် အခွင့်အလမ်းများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုး တက်မှု မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအရ တီထွင်ဆန်းသစ်မှုမှတစ်ဆင့် ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်းအားတို့ကို အဓိကမြှင့်တင်သွားမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် တက်ရောက်လာသည့် လူကြီးမင်းတို့အနေဖြင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးမှုနှင့်နည်းပညာဖြန့်ဖြူးခြင်းပိုင်းတွင် ဝင်ရောက် လက်တွဲ လုပ်ကိုင်ကြရန်လည်း အလေးထားဖိတ်ခေါ်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများနှင့်ပတ်သက်၍လည်း လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးကမ်း လှမ်းချက်များနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုများကို မျက်ကွယ်ပြုပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားအောင် နည်းမျိုးစုံဖြင့် ပြုလုပ်ပြီး နိုင်ငံရေးအရ၊ စစ်ရေးအရ အမြတ်ထွက်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်နေ ခြင်းသည် နှစ်နိုင်ငံအစိုးရများနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှုမရှိဘဲ ဒေသတည်ငြိမ်ရေးအတွက် အန္တရာယ်များကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
လက်နက်ကိုင်သောင်းကျန်းမှု၊ တရားမဝင်လုပ်ငန်းများလုပ်ဆောင်မှုများသည် ကူးစက်တတ်သည့် သဘောရှိကြောင်း၊ ယင်းသောင်းကျန်းသူများသည် ယခင်အတိတ်ကာလကလည်း နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးလုပ်ငန်းများ၊ မှောင်ခိုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများ လုပ်ဆောင်ပြီး စစ်ဘုရင်ဝါဒကို အသက်သွင်းခဲ့သည့်သူများ ဖြစ်ကြောင်း၊ ယခုချိန်တွင်လည်း ဒီမိုကရေစီ အရေး၊ လူမျိုးစုအရေး စသည့် အရေးများကို ရုပ်ပြအဖြစ် အသုံးပြုပြီး စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်းနေသည်ကို တွေ့မြင်ရကြောင်း၊ “ကျား သေကို အသက်ပြန် မသွင်းမိကြစေဖို့” ပြောလိုကြောင်း၊ မိမိတို့ နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသကုန်သွယ်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုသောကြောင့် နယ်စပ်ဒေသတည်ငြိမ်ပြီး ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်အောင် တတ်နိုင်သရွေ့ ဝိုင်းဝန်း ပူးပေါင်းဆောင် ရွက်ပေးကြရန်လည်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် မှု အလားအလာများကို ယခုနေရာမှ မျှဝေခွင့်ရခဲ့ကြောင်း၊ ယခုအခမ်းအနားမှ တစ်ဆင့် မိမိတို့နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲပြီး အနာဂတ်တွင် ပိုမိုကောင်းမွန် သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်နေမှုအခြေအနေများ၊ စီမံကိန်းများဆောင်ရွက်ရာတွင် အစိမ်းရောင်ပတ်ဝန်းကျင်ကို ဖော်ဆောင်နိုင်မည့်အခြေအနေများ၊ ရင်းနှီးမြှုပ်နှံ မှုများ ဆောင်ရွက်ရာတွင်ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် မြန်မာနိုင်ငံ အစိုးရမှ ဖြေရှင်းပေးနိုင်မည့် အခြေအနေများ၊ ကုမ္ပဏီများအလိုက်မှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှ ချမှတ်ထားသည့် ပို့ကုန်သွင်းကုန်မူဝါဒများအားသိရှိလိုမှု၊ နှစ်နိုင်ငံ စီးပွားဆက်သွယ်မှု လမ်းကြောင်းများအား ယခုထက်ပိုမိုပွင့်လန်းလာစေရေး ဆောင်ရွက်နိုင်ရန်လိုအပ်မှု၊ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်ယူမှုလုပ်ငန်းစဉ်အား မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုမှုနှင့် ၎င်းစီမံကိန်းမှတဆင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့အတွက် အကျိုးကျေးဇူးများစွာကို ဖော်ဆောင်ပေးနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တရုတ်နိုင်ငံမှ ကုမ္ပဏီများ၏ မေးမြန်းဆွေးနွေး မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်မှ ပြည်ထောင်စုဝန်ကြီးများ က ပြန်လည်ဆွေးနွေး ပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ကံဇော် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တို့က မြန်မာနိုင်ငံ၏ လျှပ်စစ်မီးသုံးစွဲမှု စနစ်များနှင့် လျှပ်စစ်ဓာတ်အား ထုတ်ယူမှုနှင့်ပတ်သက်၍ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ကို အသုံးပြုမှုအပေါ် နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အား ပြည့်မီစွာ ထုတ်ယူသုံးစွဲ နိုင်ရေးအတွက်လည်း ရေရှည်စီမံချက် များကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းအပါအဝင် အခြားနယ်ပယ်စုံ၌ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံလိုသူများအား ဖိတ်ခေါ်လျက်ရှိမှုနှင့် လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများနှင့် သွင်းကုန်၊ ပို့ကုန် မူဝါဒများအား တတ်နိုင်သရွေ့ ဖြေလျော့ ဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံခြားငွေလဲလှယ်မှုများ အဆင်ပြေစေရေးနှင့် ပြည်တွင်း ကုန်ဈေးနှုန်းများ ထိန်းသိမ်းနိုင်ရေးတို့အတွက် ကော်မတီများဖွဲ့စည်း၍ ကြပ်မတ် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံခြားငွေလဲလှယ်မှုနှင့် ပတ်သက်၍ အနောက်အုပ်စု၏ ငွေကြေးပိတ်ဆို့မှုများကြောင့် ငွေကြေးလဲလှယ်မှု နှုန်းထားများ ဖောင်းပွမှုများ ဖြစ်ပေါ် ခဲ့မှုနှင့် နိုင်ငံတော်အစိုးရအနေဖြင့် စနစ်တကျထိန်းချုပ်ဆောင်ရွက်ခဲ့ပြီး ငွေကြေးတည်ငြိမ်မှုရှိအောင် ဆောင်ရွက်နိုင်ခဲ့မှု၊ နိုင်ငံအချင်းချင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်မှုရှိစေရေးအတွက် တိုက်ရိုက်ငွေကြေးသုံးစွဲမှု ပုံစံများဖြင့် ပေးချေနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်မှု လုပ်ငန်းစဉ်အား မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုမှုအပေါ် နိုင်ငံတော်အဆင့် စီမံကိန်းအဖြစ်သတ်မှတ်၍ လိုအပ်သည့် ကွင်းဆင်းလေ့လာခြင်းနှင့် လုပ်ငန်းစဉ်များ အဆင့်ဆင့် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တရုတ်နိုင်ငံမှ ကုမ္ပဏီများ၏မေးမြန်းဆွေးနွေးမှုများနှင့် ပြည်ထောင်စုဝန်ကြီးများ၏ ပြန်လည်ဆွေးနွေးမှုအပေါ် နစက ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ရေအားလျှပ်စစ်၊ နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားတို့ကို အောင်မြင်စွာဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပူပြင်းသည့်ရာသီဥတု ရှိသည့်အတွက် နေရောင်ခြည်သုံးဆိုလာ စွမ်းအင်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါရာသီဥတုပူပြင်းသည့် ဒေသများ၌ လာရောက်ရင်းနှီး မြှုပ်နှံမည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ပြီး ဆောင်ရွက်မည်ဆိုပါက ဆိုလာစွမ်းအင် မှရရှိသည့် လျှပ်စစ်ဓာတ်အားဖြင် ရေရရှိအောင် ဆောင်ရွက်၍ ပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ ရေအား လျှပ်စစ်စီမံကိန်းများ ဆောင်ရွက်မည်ဆိုပါကလည်း ၎င်းကြောင့် ထိခိုက်နိုင်မည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းများဆောင်ရွက်မည်ဆိုပါက သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးလုပ်ငန်းများကိုလည်း မဖြစ်မနေ ထည့်သွင်းဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပါကြောင်း ပြောကြားသည်။
ငွေကြေးဖောင်းပွမှုများနှင့်ပတ်သက်၍လည်း တိုက်ရိုက်ငွေပေးချေမှုနည်းလမ်း ဖြင့်အဖြေရှာဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် လာရောက်ရင်းနှီး မြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုများမရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ၌ အခက် အခဲများ ကြုံတွေ့ခဲ့ပါကလည်း တင်ပြဆောင် ရွက်သွားနိုင်ပြီး နိုင်ငံတော်အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
စိုက်ပျိုးရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုမှုနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံတွင် အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေရှိပြီး နိုင်ငံတော်မှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လျှောက်ထားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသကုန်သွယ်မှုလုပ်ငန်းများ မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိနိုင်ရေးအတွက်လည်း အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်သဖြင့် ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်သည့်စီမံကိန်းအောင်မြင်စွာဖြစ်မြောက် စေရေး မိမိအနေဖြင့် အားပေးပါကြောင်း၊ လိုအပ်သည့်လုပ်ငန်းစဉ်များအဆင့်အလိုက် ဆက်လက်တိုးတက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သံမဏိထုတ်လုပ်ရေး စီမံကိန်းများ လာရောက်ရင်းနှီးမြှုပ်နှံလိုမှုနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် ကြိုဆိုပါကြောင်းနှင့် လိုအပ်သည့်ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားနိုင်ပါကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် နစက ဥက္ကဋ္ဌက နိဂုံးချုပ် ဆွေးနွေးပြောကြားရာ၌ ယခုကဲ့သို့ ရင်းရင်းနှီးနှီး ဆွေးနွေး ပြောကြားရသည့်အတွက် မိမိအနေဖြင့် ဝမ်းမြောက်မိပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ယုံယုံကြည်ကြည်ဖြင့် လာရောက် ရင်းနှီး မြှုပ်နှံ ဆောင်ရွက်နိုင်ပါကြောင်းလည်း ပြောကြားခဲ့သည်။