မန်ယူနည်းပြ အဲရစ်တန်ဟက်ဂ်က ဝက်စ်ဟမ်းအသင်းအား (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် မိမိတို့အနေဖြင့် ပိုကောင်းသည့်အသင်းဖြစ်ခဲ့သော်လည်း ရှုံးနိမ့်ရခြင်းမှာ ဂိုးမသွင်းနိုင်ခြင်းနှင့် ဒိုင်လူကြီး၏ အလွန်ညံ့ဖျင်းသည့် ဆုံးဖြတ်ချက်ကြောင့်ဖြစ်သည်ဟု ပြစ်တင်ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် မန်ယူအသင်းသည် ဝက်စ်ဟမ်းအသင်းကို အငြင်းပွားဖွယ် နောက်ကျပယ်နယ်တီဂိုးဖြင့် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။
ယင်းပွဲတွင် မန်ယူအသင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာစီး၊ ဂိုးသွင်းခွင့်အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း အခွင့်အရေးများကို အသုံးမချနိုင်ခဲ့သည့်အတွက် ဝက်စ်ဟမ်းအသင်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်မှလိုက်ကစားခဲ့ရသည်။
ထို့ပြင် နာကျင်အချိန်ပိုတွင် ဝက်စ်ဟမ်းတိုက်စစ်မှူး ဒန်နီအင့်စ်အား မန်ယူနောက်ခံလူ ဒီလစ်က တားဆီးရာတွင် VAR အဆုံးအဖြတ်ဖြင့် ပယ်နယ်တီဟု သတ်မှတ်ပေးခဲ့သည့်အတွက် ဝက်စ်ဟမ်းအသင်းက အနိုင်ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါပယ်နယ်တီနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ဖြစ်ကြောင်း မီဒီယာများက သုံးသပ်ရေးသားခဲ့သလို၊ ပရိသတ်များကလည်း မှားယွင်းသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့ကြသည်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကမူ ကွင်းလယ်ဒိုင် ဒေးဗစ်ကွတ်တီသည် အဆိုပါဖြစ်ရပ်ကို ၎င်း၏အမြင်အရ ပယ်နယ်တီမပေးခဲ့သော်လည်း VAR က ပယ်နယ်တီပေးရန် လုံလောက်သည့် ထိတွေ့မှုရှိခဲ့သည်ဟု ယူဆကြောင်း မှတ်ချက်ပေးခဲ့သည့်အတွက် ပြန်လည်ကြည့်ရှုကာ ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
တန်ဟက်ဂ်ကမူ အဆိုပါဆုံးဖြတ်ချက်မှာ မှားယွင်းကြောင်းနှင့် မိမိတို့အနေဖြင့် ယခုရာသီတွင် မမှန်ကန်သည့် ဆုံးဖြတ်ချက် (၃)ကြိမ်နှင့် ရင်ဆိုင်ခဲ့ရသည်ဟု ခံစားရကြောင်း ပြောကြားခဲ့သည်။
ဝက်စ်ဟမ်းပွဲနှင့်ပတ်သက်၍ တန်ဟက်ဂ်က '' ဘောလုံးမှာ အကောင်းဆုံးအသင်း အမြဲအနိုင်မရပါဘူး။ ဒီနေ့ သိသာထင်ရှားတာကတော့ ကျွန်တော်တို့ ပြိုင်ဘက်ထက် ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တာပါပဲ။ ပြီးတော့ အချက်နှစ်ချက်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့တာနဲ့ ဒိုင်လူကြီးရဲ့ အလွန်ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ''ဟု တန်ဟက်ဂ်က ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက ''ဒီရာသီမှာ မမှန်ကန်တဲ့ ဆုံးဖြတ်ချက် (၃)ကြိမ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့တာကြောင့် နှစ်ဂိုး ဒါမှမဟုတ် သုံးဂိုးလောက် သွင်းယူနိုင်ခဲ့သင့်ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဖိအားပေးကစားနိုင်ခဲ့ပြီး သူတို့ကိုလည်း အခွင့်အရေးပြန်ပေးခဲ့ရပေမဲ့ ပယ်နယ်တီပေးလိုက်ရတာကတော့ မျှတမှုမရှိပါဘူး။ ကျွန်တော် တာဝန်ရှိသူတွေနဲ့လည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်က ချပြီးသွားပါပြီ။ နောက်ပြန်ဆုတ်လို့ မရတော့ပါဘူး။ ဒါဟာ ဘောလုံးပါပဲ'' ဟု တန်ဟက်ဂ်က ဆက်လက်ပြောကြားခဲ့သည်။
ဝက်စ်ဟမ်းနည်းပြ လိုပယ်တယ်ဟီကမူ နိုင်ပွဲကို ထိုက်တန်စွာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
မိမိတို့ ပိုကောင်းသည့်အသင်းဖြစ်ခဲ့သော်လည်း ရှုံးနိမ့်ရခြင်းမှာ ဂိုးမသွင်းနိုင်ခြင်းနှင့် ဒိုင်လူကြီး၏ အလွန်ညံ့ဖျင်းသည့်ဆုံးဖြတ်ချက်ကြောင့်ဟု အဲရစ်တန်ဟက်ဂ် ပြောကြား
Photo: Premier League