အသင်းဟောင်း မန်ယူနှင့်ပွဲတွင်  ထုတ်ပယ်ခံခဲ့ရသည့် ဖီနာဘာချီနည်းပြ မော်ရင်ဟို ဒိုင်ဆုံးဖြတ်ချက်ကို လှောင်ပြောင်

အသင်းဟောင်း မန်ယူနှင့်ပွဲတွင်  ထုတ်ပယ်ခံခဲ့ရသည့် ဖီနာဘာချီနည်းပြ မော်ရင်ဟို ဒိုင်ဆုံးဖြတ်ချက်ကို လှောင်ပြောင်
Photos: The Independent & YouTube
Photos: The Independent & YouTube
Published 26 October 2024

 

ဖီနာဘာချီအသင်းနည်းပြ ဂျိုဆေးမော်ရင်ဟိုသည် အသင်းဟောင်း မန်ယူနှင့်ပွဲတွင် ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရပြီး ယင်းဆုံးဖြတ်ချက်အတွက် ပြင်သစ်ကွင်းလယ်ဒိုင် ကလီမွန့်တူပန်ကို လှောင်ပြောင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၄ ရက်က ယှဉ်ပြိုင်ကစားသည့် ယူရိုပါလိဂ်ပွဲစဉ်တွင် ဖီနာဘာချီ နှင့် မန်ယူအသင်း (၁-၁) ဂိုးစီ သရေကျခဲ့သည်။ ဒုတိယပိုင်းတွင် ဖီနာဘာချီနောက်ခံလူ အိုဆာယီဆမ်မြူရယ်ကို မန်ယူကွင်းလယ်လူ အူဂါတေက တားဆီးရာ ဒိုင်လူကြီးက ပယ်နယ်တီပေးရန် ငြင်းဆန်ခဲ့ပြီး VAR ကလည်း ဒိုင်ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့သည်။ ထို့ကြောင့် မော်ရင်ဟိုက ကန့်ကွက်ပြောဆိုရာ အနီကတ်ဖြင့် ထုတ်ပယ်ခံရခြင်းဖြစ်သည်။

သို့ဖြစ်ရာ မော်ရင်ဟိုက "သူက မယုံနိုင်စရာတစ်ခု ကျွန်တော်တို့ကိုပြောခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ပယ်နယ်တီဧရိယာထဲက  ဖြစ်ရပ်ကိုရော၊ ကွင်းဘေးစည်းက ကျွန်တော့် အပြုအမူကိုရော သူမြင်နိုင်တယ်လို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော် သူ့ကိုဂုဏ်ပြုပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့အမြင်အာရုံက မယုံနိုင်လောက်အောင်ဖြစ်နေလို့ပါ။ တစ်နာရီ မိုင် ၁၀၀ နှုန်းသွားနေတဲ့ ပွဲအတွင်းမှာ သူက မျက်လုံးတစ်ဖက်နဲ့ ပယ်နယ်တီအခြေအနေကိုရော၊ မျက်လုံးတစ်ဖက်နဲ့ ကျွန်တော့် အပြုအမူနဲ့ အရန်ခုံကိုရော မြင်နိုင်လို့ပါ။ အဲဒါက သူကျွန်တော့်ကိုပေးခဲ့တဲ့ ဖြေရှင်းချက်ပါပဲ။ ဒါကြောင့် သူက ကမ္ဘာ့အကောင်းဆုံး ဒိုင်တွေထဲက တစ်ဦးဖြစ်ပါတယ်" ဟု လှောင်ပြောင်ပြောကြားခဲ့သည်။

ထို့ပြင် အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်မည်မဟုတ်ဟုလည်း မော်ရင်ဟိုက အတည်ပြုပြောကြားခဲ့သည်။