ထိုင်းနိုင်ငံရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဝယ်ဟန်ဆောင်ကာ လုယူထွက်ပြေးသည့် မြန်မာတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဝယ်ဟန်ဆောင်ကာ လုယူထွက်ပြေးသည့် မြန်မာတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး
Published 9 October 2024

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ မူယန်မြို့နယ်၊ ဘန့်နူယာကျေးရွာရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေနှစ်ကျပ်သားဆွဲကြိုး လူယူထွက်ပြေးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့မှ နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် (၈) နာရီခန့်က အဆိုပါ မူယန်မြို့နယ်၊ ဘန့်နူယာကျေးရွာ၊ အူထောင်လမ်းတွင် ဖွင့်လှစ်ထားသော ရွှေဆိုင်တစ်ဆိုင်အတွင်းသို့ မြန်မာနိုင်ငံသားတစ်ဦး ဝင်ရောက်လာကာ ရွှေဝယ်ယူရန် ဟန်ဆောင်ကာ ရွှေနှစ်ကျပ်သားဆွဲကြိုးအား လုယူထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွှေဆိုင်ပိုင်ရှင်မှ ကန်ချနဘူရီခရိုင်ရဲတပ်ဖွဲ့ထံတိုင်ကကြားခဲ့ရာ ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားခဲ့ရာ ရွှေဆိုင်သို့ လာရောက်စစ်ဆေးခဲ့ပြီးနောက် ရွှေဆွဲကြိုးလုယူထွက်ပြေးသွားသူ၏ လမ်းကြောင်းအားခြေရာခံ၍ လိုက်ခံဖမ်းဆီးခဲ့ရာ နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းအားစစ်ဆေးချက်များအရ ရွှေနှစ်ကျပ်သားဆွဲကြိုးအား လုယူထွက်ပြေးသွားသူမှာ မြန်မာနိုင်ငံသား အသက် ၂၅ နှစ်အရွယ်ရှိ စိုးနိုင် ဆိုသူဖြစ်ကြောင်းနှင့် ၎င်းအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ထိုင်းနိုင်ငံ ဥပဒေအရ လုယက်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ထိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရွှေနှစ်ကျပ်သားဆွဲကြိုးအား လုယက်မှုကျူးလွန်သူမှာ ၎င်း၏ချစ်သူအား လက်ဆောင်ပေးရန်အတွက် ရွှေနှစ်ကျပ်သားဆွဲကြိုးကို လုယက်ထွက်ပြေးခြင်းဖြစ်သည်ဟု ထွက်ဆိုချက်ပေးထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

အဆိုပါ မြန်မာနိုင်ငံသားဖြစ်သူ စိုးနိုင်ဆိုသူမှာ ထိုင်းနိုင်ငံ၊ စံခလဘူရီခရိုင်၊ နောင်ခယ်မြို့နယ်၊ ဖိုင်တမ်းကျေးရွာ အမှတ် (၅) ရပ်ကွက်တွင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ကြောင်း သိရသည်။

ဘိုဘိုမြင့်

Most Read

Most Recent