တံတားဦးမြို့တွင် ရပ်ကွက် ၁၃ ခုခန့် ရေဝင်ရောက်မူရှိနေပြီး ယမန့်နေ့ထက် ရေတစ်ပေခွဲခန့် ကျဆင်း

တံတားဦးမြို့တွင် ရပ်ကွက် ၁၃ ခုခန့် ရေဝင်ရောက်မူရှိနေပြီး ယမန့်နေ့ထက် ရေတစ်ပေခွဲခန့် ကျဆင်း
Published 14 September 2024

■ တံတားဦးမြို့တွင် ရပ်ကွက် ၁၃ ခုခန့် ရေဝင်ရောက်မူရှိနေပြီး ယမန့်နေ့ထက် ရေတစ်ပေခွဲခန့် ကျဆင်း 

■  ရန်ကုန်-မန္တလေး အမြန်လမ်း တံတားဦးအနီး ရေကျော်နေသည့်နေရာများတွင် မော်တော်ယာဉ်များ ပြန်လည် ဖြတ်သန်းသွားလာနိုင်ပြီဟုဆို

 

မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့နယ်တွင် စက်တင်ဘာ ၁၃ ရက် ရေများ ဝင်ရောက်ခဲ့မှုသည် ယနေ့(စက်တင်ဘာ ၁၄ ရက်) နံနက်ပိုင်း ရေတစ်ပေခွဲခန့် ပြန်လည်ကျဆင်းလာကြောင်း သိရသည်။

ထိုသို့ ရေဝင်ရောက်မှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်း တံတားဦးအနီး မိုင်တိုင် ၃၄၅၊ ၃၅၅၊ ၃၅၆ တို့တွင် ကားလမ်းပေါ်ရေကျော်နေပြီး မော်တော်ယာဉ်အချို့ ဆက်လက်သွားလာ၍မရဘဲ ပိတ်မိနေခဲ့ကာ ယနေ့(စက်တင်ဘာ ၁၄ ရက်)တွင် အမြန်လမ်းတွင် ရေရှိနေသေးသော်လည်း ရေထုအမြင့်ပေ ပြန်လည်ကျဆင်းလာသဖြင့် မော်တော်ယာဉ်ငယ်များပါ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

“တစ်လမ်းတော့ မနက်(စက်တင်ဘာ ၁၄ ရက်)က သွားရတယ်။ ရန်ကုန် ခရီးသွားကားကြီးတွေ ဝင်တယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ တံတာဦးမြို့ပေါ်နှင့် ကျေးရွာများ ရေများဝင်ရောက်မူကြောင့် အစားအသောက် အခက်အခဲ နှင့် ကျန်းမာရေးအတွက် ကူညီမူများ လိုအပ်နေကြောင်း သိရသည်။

"အခုလက်ရှိ ရေ က ကျွန်တော် တို့တိုက်အိမ်မှာ ဒူးခေါင်း လောက်ရောက်တယ် မနေ့(စက်တင်ဘာ ၁၃ ရက်)က မနက် ၉ နာရီလောက်ကနေ အမြန်လမ်းပေါ်ကနေ တောက်လျှာက် တံတားမြို့ဘက် ရေရောက်လာတယ် မနေ့ညကတော့ ရေ လေးလက်မ ကျော်လောက် ရေကျပါတယ်။ ဒီနေမနက်တော့ အခြေအနေ ကောင်းပါတယ် ရေမတိုးပါဘူး။ ရေက တပေခွဲလောက် ထပ်ကျတယ်။ တံတားဦးမြို့ပေါ်က ၃၀ ရာခိုင်နူန်းကျော် ရေဝင်ရောက်တယ်။ ကျန်တဲ့ မြေအမြင့်ပိုင်းတွေက ရေမဝင်ပါဘူး။ မြစ်နားနီးတဲ့ ရပ်ကွက်တွေ ရေဝင်ရောက်မှုလွတ်တယ်။ ရပ်ကွက် ၁၃ ကွက်ကျော် ရေဝင်ရောက်တယ်။ တံတားဦးနယ်ဘက်တွေက ရွာတွေမှာ ရေဝင်ရောက်တာများပါတယ်။ မြို့ပေါ်က လူတွေက လက်ရှိတော့ မီးပျက်နေတော့ စားရေသာက်ရေ အခက်အခဲပါပဲ" လို့ တံတားမြို့မှ ရေဘေးဖြစ်နေသူ တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ တံတားဦး အနောက်ဘက်ကပါ။ ရွာက ကုန်းမြေဖြစ်တော့ ရေဝင်ရောက်မူတော့မရှိဘူး” ဟု သူငယ်တော်ကျေးရွာမှ ဦးသန်းငွေက ပြောကြားသည်။

တံတာဦးမြို့ စေတနာရှင် လူမူကူညီရေးအသင်းကလည်း မြို့ပေါ်ရှိ ရေဝင်ရောက်သည့် ရပ်ကွက်များကို ထမင်းထုပ်ဝေခြင်း အခြားကူညီမူများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

Most Read

Most Recent