သံလွင်မြစ်ရေလျှံမှုကြောင့် ကရင်ပြည်နယ်အတွင်း ဘားအံမြို့အပါအဝင် မြစ်ကမ်းဘေးဒေသခံများ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ

သံလွင်မြစ်ရေလျှံမှုကြောင့် ကရင်ပြည်နယ်အတွင်း ဘားအံမြို့အပါအဝင် မြစ်ကမ်းဘေးဒေသခံများ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ
Published 13 September 2024
ဘိုဘိုမြင့်

မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ကျရေစီးဝင်နေသည့်အတွက် သံလွင်မြစ်ရေလျှံမှုကြောင့် စက်တင်ဘာလ (၁၂) ရက် နေ့မှစတင်ကာ ကရင်ပြည်နယ်အတွင်းရှိ ဘားအံမြို့အပါအဝင် မြစ်ကမ်းဘေးဒေသခံများ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ပြောကြားချက်များအရ သိရသည်။

ယနေ့ နံနက် (၁၀) နာရီခွဲအချိန်တိုင်းထွာချက်များအရ သံလွင်မြစ်ရေသည့် ဘားအံမြို့၏ စိုးရိမ်ရေအမှတ် (၇၅၀) စင်တီမီတာကို ကျော်လွန်ကာ (၉၂၂) စင်တီမီတာကို ရောက်ရှိနေသည့်အတွက် ဘားအံမြို့နှင့်အနီးဝန်းကျင်ဒေသခံများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။

ထိုသို့ သံလွင်မြစ်ရေလျှံမှုကြောင့် ယမန်နေ့ စက်တင်ဘာလ (၁၂) ရက်နေ့မွန်းလွဲပိုင်းအချိန်ကတည်းက ဘားအံမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဘားအံဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ရေက မနေ့ (စက်တင်ဘာလ (၁၂) ရက်) နေ့ ညပိုင်းမှာ တော်တော်များလာတယ်။ သံလွင်မြစ်ရေက ဘားအံမြို့ထဲကို အရှိန်နဲ့ကို စီးဝင်နေတာပါ။ အခုနေ့လည်ပိုင်းမှာ တချို့လမ်းတွေသွားလလို့မရတော့ဘူး။ ရေက နောက်ထပ်တက်လာနိုင်ချေရှိတယ်လို့လည်း ပြောနေကြတယ်။ လောလောဆယ် အနိမ့်ပိုင်းရပ်ကွက်တွေကလူတွေ ပြောင်းရွှေ့နေကြပြီးလို့လည်း သိရပါတယ်” ဟု ပြောကြားသည်။

အလားတူ ဘားအံမြို့အထက်ပိုင်းရှိ ကမမောင်းမြို့တွင်လည်း သံလွင်မြစ်ရေလျှံမှုကြောင့် ယမန်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိရာ မြစ်ကမ်းနားပိုင်းရှိ ရပ်ကွက်များအပြင်၊ ညပိုင်းအချိန်တွင်လည်း သံလွင်မြစ်ရေတက်လာသည့်အတွက်ကြောင့် ကမာမောင်းမြို့ ပြည်သူ့ဆေးရုံရှိ လူနာများကိုလည်း ညတွင်းချင်း အရေးပေါ်ရွှေ့ပြောင်းမှုများလုပ်ဆောင်ခဲ့ရကြောင်း ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“မနေ့ကဆိုရင် မနက်ပိုင်းမှာ မိုးကမရွာပေမယ့် ရေကတရိပ်ရိပ်နဲ့တက်လာတာ။ အစောပိုင်း ရပ်ကွက်တွေမြှုပ်ကုန်တယ်။ ညပိုင်းမှာ ဆေးရုံထဲအထိပါ ရေကဝင်လာလို့ လူနာတွေကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရပါတယ်” ဟု ဒေသခံလူမှုညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြေားသည်။

ကမမောင်းမြို့အတွင်းရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူများ နှင့် လူနာများအား မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများမှ အရေးပေါ်ပြောင်းရွှေ့မှုများ ဝိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘားအံမြို့အနောက်ဘက်ကမ်းရှိ မြိုင်ကလေးဒေသဘက်တွင်လည်း သံလွင်မြစ်ရေလျှံမှုကြောင့် ရေများဝင်ရောက်လာကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီးဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

၎င်းအပြင် ကရင်ပြည်နယ်အတွင်း မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး အစရှိသော မြို့များအပြင်၊ မြစ်၊ ချောင်းကမ်းနားပိုင်းရှိ ကျေးရွာများတွင်လည်း ရေကြီးရလျှံမှုများဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

လက်ရှိ သံလွင်မြစ်ရေလျှံမှုကြောင့် ဘားအံမြို့အပါအဝင် အနီးဝန်းကျင်ရှိ ဒေသခံများ၌ ဒုတိယအကြိမ်မြောက် ရေကြီးရေလျှံမှုဖြစ်ပွားနေခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးအပတ်အတွင်းမှ ဩဂုတ်လပထမအတွင်းအထိ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေလျှံမှုဖြစ်ပွားခဲ့သည့်အတွက် ဘားအံမြို့နှင့် အနီးဝန်းကျင်ဒေသခံများ၌ ပထမအကြိမ်အဖြစ်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

ဇူလိုင်လ (၂၈) ရက် နံနက် (၆) နာရီခွဲအချိန်တိုင်းထွာချက်များအရ သံလွင်မြစ်ရေမှာ ဘားအံမြို၏ စိုးရိမ်ရေအမှတ်ဖြစ်သော (၇၅၀) စင်တီမီတာ ၏ အထက် (၉၅၁) စင်တီမီတာအထိရောက်ရှိခဲ့ပြီး၊ ယင်း (၉၅၁) စင်တီမီတာမှာ (၂၀၁၈) ခုနှစ် ဇူလိုင်လ (၃၀) ရက်နေ့က အမြင့်ဆုံးရောက်ရှိခဲ့သည့် ရေအမှတ်ဖြစ်သည့် (၉၃၈) စင်တီမီတာအား ကျော်လွန်ကာ စံချိန်သစ်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘိုဘိုမြင့်

Photo Credit - Myanmar Rescue Organization Hpa An

Most Read

Most Recent