မြဝတီမြို့ရှိ ရပ်ကွက်များအတွင်းသို့ ဒုတိယအကြိမ် ရေလွှမ်းမိုးမှုကြောင့် ရေဘေးရှောင်သူများပြား

မြဝတီမြို့ရှိ ရပ်ကွက်များအတွင်းသို့ ဒုတိယအကြိမ် ရေလွှမ်းမိုးမှုကြောင့် ရေဘေးရှောင်သူများပြား
Published 11 September 2024

မြဝတီမြို့ရှိ ရပ်ကွက်များအတွင်းသို့ ဒုတိယအကြိမ် ရေလွှမ်းမိုးမှုကြောင့် ရေဘေးရှောင်သူများပြားကြောင်း သိရသည်။

စက်တင်ဘာ ၁၀ ရက်နံနက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် သောင်ရင်းမြစ်ရေသည်  မြဝတီမြို့ရှိ ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုမြင့်တက်လာပြီး စက်တင်ဘာ ၁၁ ရက်တွင် မြဝတီရပ်ကွက်များ ဘုရင့်နောင်လမ်းမကြီးထိ ရေလွှမ်းမိုးလာကာ ရေဘေးရှောင်ရသူ ထောင်ချီ ရှိလာသည့်အတွက် စားသောက်ရေးခက်ခဲနေကြောင်း သိရသည်။

လက်ရှိရေလွှမ်းမိုးမှုသည် ပထမအကြိမ်ထက်များပြားပြီး မြဝတီမြို့ အမှတ် ၅ ရပ်ကွက်၊ အမှတ် ၄၊ အမှတ် ၃၊ အမှတ် ၂၊ အမှတ် ၁ ရပ်ကွက် အနိမ့်ပိုင်းနေသူများကို ဓမ္မာရုံများ၊ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း၊ ဓိဌာန်အောင်ဓမ္မာရုံ၊ တောရကျောင်း၊ မိချောင်းကုန်းဘုရားဝင်းတို့တွင် နေရာချထားပြီး လူဦးရေများပြားခြင်းကြောင့် နေထိုင်စားသောက်ရေးအခက်အခဲရှိလျက်ရှိသည်ဟု သိရသည်။

ရေဘေးရှောင်သူများပြားပြီး ကယ်ဆယ်ရေးအဖွဲ့များ  သွားလာရေးခက်ခဲခြင်း၊ ဖုန်းလိုင်းပြတ်တောက်နေခြင်းတို့ကြောင့် ကူညီကယ်ဆယ်ရေး ခက်ခဲလျက်ရှိကြောင်းနှင့် ရေဘေးရှောင်ပြည်သူများမှာလည်း စေတနာရှင်များကို မျှော်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့ အမှတ် ၃ ရပ်ကွက်တွင်နေထိုင်သူ ကိုပုက “ယခုတစ်ကြိမ်က ပထမအကြိမ်ထက် ရေပိုတက်ပါတယ်။ ကျွန်တော်တို့ အမြင့်ပိုင်းနေသူတွေရဲ့အိမ်တွေပါနစ်မြုတ်တာဆိုတော့ အနိမ့်ပိုင်း ကျောက်ဖျာဂိတ်၊ သရက်ပင်ဂိတ်၊ ခွန်ဆာဝင်နေသူတွေက အိမ်ခေါင်မိုးထိ နစ်မြုတ်သွားတဲ့အတွက် အသက်လုပြီးပြေးရပါတယ်။ မနေ့ညက တအိအိတက်လာတာ ဒီလောက်ထိရေပြည့်လာမယ်လို့မထင်ထားဘူး။ တစ်ချို့ဆိုရင် ညတွင်းချင်း အသက်လုပြီးပြေးရတာလေ၊ဘာမှမယူခင်ဘူး” ဟု ဆိုသည်။

ပရဟိတအသင်းများမှလည်း ရေဘေးရှောင်ပြည်သူများ စားသောက်ရေးအတွက် တဖက်တလမ်းမှ ကူညီ ဆောင်ရွက်ပေးလျက်ရှိသလို ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှလည်း မြို့နယ်၊ ခရိုင်၏လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

မြဝတီမြို့တွင်း ဘုရင့်နောင်လမ်းမကြီး အထက ၁ ကျောင်းရှေထိ ရေဝင်ရောက်လျက်ရှိပြီး အနိမ့်ပိုင်းရှိ အိမ်အများအပြား ရေနစ်မြှုပ်လျက်ရှိခြင်းကြောင့် တာဝန်ရှိသူများက  ရေဘေးအတွက် စီမံချက်များ ချမှတ်ကာ ကယ်ဆယ်ရေးစခန်းတာဝန်ခံများကို ရပ်ကွက်အုပ်ကြီးများနှင့်တွဲဖက်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ BGFတပ်ဖွဲ့ ဝင်များ ၊မြဝတီဖောင်ဒေးရှင်း၊ ကုန်သည်ကြီးများအသင်း လူမှုကူညီရေးပရဟိတအသင်းများ အလှူရှင်များမှ ရေဘေးသင့်ပြည်သူများကို ကူညီပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent