၉၀၁ ဂိုးမြောက်သွင်းယူခဲ့သည့် စီရော်နယ်လ်ဒိုအနေဖြင့် ဂိုး ၁၀၀၀ ပြည့်မြောက်ရန် ဆက်သွားနေပြီဟု ဘရူနိုဖာနန်ဒက်စ် ချီးကျူး

၉၀၁ ဂိုးမြောက်သွင်းယူခဲ့သည့် စီရော်နယ်လ်ဒိုအနေဖြင့် ဂိုး ၁၀၀၀ ပြည့်မြောက်ရန် ဆက်သွားနေပြီဟု ဘရူနိုဖာနန်ဒက်စ် ချီးကျူး
Photo: X
Photo: X
Published 9 September 2024

ပေါ်တူဂီလက်ရွေးစင်အသင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က စကော့တလန်အသင်းနှင့်ပွဲ၌ လူစားဝင်လာပြီးနောက် အနိုင်ဂိုးသွင်းယူပေးခဲ့သည့် အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်လ်ဒိုအနေဖြင့် ဂိုး ၁၀၀၀ ပြည့်မြောက်ရန် ဆက်သွားနေပြီဖြစ်ကြောင်း ချီးကျူးပြောကြားသည်။

စက်တင်ဘာ ၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် UEFA Nations League(A) ၏ အုပ်စု (၁) ဒုတိယပွဲစဉ်တွင် ပေါ်တူဂီအသင်းက စကော့တလန်အသင်းအား အိမ်ကွင်း၌ နောက်မှလိုက်ကစားကာ (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ပွဲအစ ခုနစ်မိနစ်မှာပင် မက်တွမ်မီနေးက ခေါင်းတိုက်၍ စကော့တလန်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။

၅၄ မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်က ၁၈ ကိုက်စည်းအပြင်ဘက်မှ ချေပဂိုးသွင်းယူပြီး ဒုတိယပိုင်းအစ၌ လူစားဝင်လာသည့် စီရော်နယ်လ်ဒိုက ၈၈ မိနစ်တွင် ဘယ်ခြမ်းမှ နူနိုမန်ဒက်စ်၏ဖြတ်တင်ဘောကို အနီးကပ်ပိတ်သွင်းသဖြင့် အနိုင်ဂိုးရရှိခဲ့သည်။

စီရော်နယ်လ်ဒို (၃၉ နှစ်) သည် ခရိုအေးရှားအသင်းနှင့် အုပ်စုအဖွင့်ပွဲတွင် ကစားသမားဘဝ သွင်းဂိုး ၉၀၀ ပြည့်မြောက်ခဲ့ပြီး ယခုပွဲတွင် တစ်ဂိုးထပ်မံသွင်းယူနိုင်သောကြောင့် သွင်းဂိုးစုစုပေါင်းမှာ ၉၀၁ ဂိုးရှိလာပြီ ဖြစ်သည်။

၎င်းအနေဖြင့် စပို့တင်းလစ္စဘွန်းအသင်းအတွက် ၃၁ ပွဲ၊ ငါးဂိုး၊ မန်ယူအသင်းအတွက် ပထမအကြိမ်တွင် ၂၉၂ ပွဲ၊ ၁၁၈ ဂိုး၊ ဒုတိယအကြိမ်တွင် ၅၄ ပွဲ၊ ၂၇ ဂိုး၊ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ၄၃၈ ပွဲ၊ ၄၅၀ ဂိုး၊ ဂျူဗင်တပ်စ်အသင်းအတွက် ၁၃၄ ပွဲ၊ ၁၀၁ ဂိုး၊ အယ်လ်နာဆာအသင်းအတွက် ၇၄ ပွဲ၊ ၆၈ ဂိုး၊ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၂၁၄ ပွဲ၊ ၁၃၂ ဂိုး၊ စုစုပေါင်း ပြိုင်ပွဲစုံ ၁၂၃၇ ပွဲကစား၊ ၉၀၁ ဂိုး သွင်းယူထားသည်။

သို့ဖြစ်ရာ ဘရူနိုဖာနန်ဒက်စ်က သူက အရန်ခုံကနေ စတင်ကစားရတာဖြစ်စေ၊ မကစားရတာဖြစ်စေ လွှမ်းမိုးထားနိုင်မှုကတော့ အမြဲတမ်းအတူတူပါပဲ။ အားလုံးက ကွဲပြားခြားနားအောင် လုပ်နိုင်ပါတယ်။ ခရစ္စတီယာနိုက တစ်ဂိုးသွင်းယူခဲ့ပြီး ဒီနေ့မှာ ၉၀၁ ဂိုးရှိလာပါပြီ။ အခုဆိုရင် သူက ၁၀၀၀ ဆီကို သွားနေပါပြီ။ အဲဒါက သူလိုချင်တဲ့အရာပါ'' ဟု ချီးကျူးပြောကြားသည်။

စီရော်နယ်လ်ဒိုကမူ ခရိုအေးရှားနှင့်ပွဲတွင် ဂိုး ၉၀၀ ပြည့် သွင်းယူပြီးနောက် မိမိအနေဖြင့် စံချိန်မှတ်တမ်းများနောက် လိုက်နေခြင်းမဟုတ်ဘဲ ၎င်းတို့ကသာ မိမိနောက် ကိုလိုက်နေခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

Most Read

Most Recent