ဆေးစစ်မှုမအောင်မြင်ခဲ့ခြင်းကြောင့် အယ်လ်ဟီလာအသင်းအတွက် နေမာ ကစားပေးနိုင်ဦးမည်မဟုတ်ဘဲ နောက်ထပ်(၂)လ ထပ်မံစောင့်ဆိုင်းရဖွယ်ရှိ

ဆေးစစ်မှုမအောင်မြင်ခဲ့ခြင်းကြောင့် အယ်လ်ဟီလာအသင်းအတွက် နေမာ ကစားပေးနိုင်ဦးမည်မဟုတ်ဘဲ နောက်ထပ်(၂)လ ထပ်မံစောင့်ဆိုင်းရဖွယ်ရှိ
Photo: Neymar Instagram
Photo: Neymar Instagram
Published 9 September 2024

ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် ဆေးစစ်မှု မအောင်မြင်ခဲ့ခြင်းကြောင့် အယ်လ်ဟီလာအသင်းအတွက် ကစားပေးနိုင်ဦးမည်မဟုတ်ဘဲ နောက်ထပ် (၂)လ ထပ်မံစောင့်ဆိုင်းရဖွယ်ရှိကြောင်း သိရသည်။

နေမာ(၃၂ နှစ်)သည် ဒူးအရွတ်စုတ်ပြဲသည့်ဒဏ်ရာ(ACL) ကြောင့် ကာလရှည် အနားယူနေရခြင်းဖြစ်ပြီး ယခုအခါ လေ့ကျင့်မှုပြန်လုပ်နိုင်ပြီဖြစ်သော်လည်း ကြံ့ခိုင်မှုအတွက် ဆေးစစ်မှုပြုလုပ်ရာတွင် ကျရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေမာသည် ၂၀၂၃ နွေရာသီတွင် PSG အသင်းမှ အယ်လ်ဟီလာအသင်းသို့ ယူရိုသန်း (၉၀)ဖြင့် ပြောင်းရွှေ့ခဲ့ပြီး အဆိုပါပြောင်းရွှေ့ကြေးပမာဏမှာ ဆော်ဒီလိဂ်၏ တန်ဖိုးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အယ်လ်ဟီလာအသင်းသည် နေမာကို (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး လစာအဖြစ် တစ်နှစ်လျှင် ယူရိုသန်း(၁၅၀) ပေးချေခဲ့သည်။

အဆိုပါလစာပမာဏမှာ PSG အသင်းတွင် ရရှိခဲ့သည့် လစာနှုန်းထား၏ (၆)ဆဝန်းကျင်ဖြစ်ကြောင်း သိရသည်။

သို့သော် နေမာသည် အယ်လ်ဟီလာအသင်းအတွက် ပြိုင်ပွဲစုံ(၅)ပွဲသာ ကစားခဲ့ပြီးနောက် ၂၀၂၃ အောက်တိုဘာတွင် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ယှဉ်ပြိုင်ကစားရင်း ACL ဒဏ်ရာနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

နေမာသည် အဆိုပါဒဏ်ရာပြဿနာကြောင့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရသည်။

ယင်းဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလအတွင်း ပြန်ကစားနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း ယခုအခါ ဆေးစစ်မှု မအောင်မြင်သဖြင့် နိုဝင်ဘာလမတိုင်မီ ပြန်ကစားနိုင်ဖွယ်မရှိကြောင်း သိရသည်။

နေမာအား ဆေးစစ်မှု ပြုလုပ်ပေးခဲ့သည့် ကြံ့ခိုင်ရေးပညာရှင်က နေမာ၏ ဒူးတွင် အားနည်းချက်ရှိနေဆဲဖြစ်ပြီး နေမာအနေဖြင့်လည်း ၎င်း၏ဒူးအပေါ် ယုံကြည်ချက် နည်းပါးနေဆဲဖြစ်သည့်အတွက် ပြန်ကစားနိုင်ရန် မဖြစ်နိုင်သေးကြောင်း ပရိသတ်များကို အသိပေးခဲ့သည်။

ယခုကဲ့သို့ ထပ်မံအနားယူရမည့်အခြေအနေ ဖြစ်ပေါ်လာသည့်အတွက် အယ်လ်ဟီလာအသင်း၏နည်းပြ ဂျော့ချ်ဂျီးဆပ်စ်က ၎င်းကို ဇန်နဝါရီလအထိ အသင်းလူစာရင်းတွင် ထည့်သွင်းခြင်းမပြုရန် စီစဉ်နေကြောင်း သိရသည်။

ဆော်ဒီလိဂ်တွင် ပြည်ပကစားသမားအရေအတွက်ကို ကန့်သတ်ထားသည့်အတွက် ဂျော့ချ်ဂျီးဆပ်စ်က ကြံ့ခိုင်မှုပြည့်ဝသည့် ကစားသမားများကိုသာ စာရင်းသွင်းရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် AFC ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် စာရင်းသွင်းရာတွင်မူ နေမာကို ထည့်သွင်းဖွယ်ရှိကြောင်း သိရသည်။

နေမာသည် ယခု နောက်ပိုင်းကာလများတွင် ဒဏ်ရာပြဿနာများနှင့် မကြာခဏ ရင်ဆိုင်လာရသည့်အတွက် ကစားသမားဘဝ အဆုံးသတ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

Most Read

Most Recent