မီတာခ တိုးမြှင့်သတ်မှတ်မှုနှင့် နောက်ဆက်တွဲဂယက်

မီတာခ တိုးမြှင့်သတ်မှတ်မှုနှင့် နောက်ဆက်တွဲဂယက်
Published 9 September 2024

 

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း သုံးနှစ်ခွဲအကြာတွင် စီး ပွားရေးကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ ဝင်ငွေထွက်ငွေ မမျှတ မှု စသည့်အခက်အခဲများကို ပြည်သူများက ခါးစည်းခံနေရချိန်တွင် တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလို မီတာခများ တိုးမြှင့်သတ်မှတ်မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကြေညာခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ် မီတာခများကို စက်တင်ဘာ ၁ ရက်မှစပြီး တိုးမြှင့်သတ်မှတ်မည်ဖြစ်ကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက သြဂုတ် ၃၀ ရက်တွင် ကြေညာခဲ့သည်။

ဇူလိုင် ၅ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည် ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ၏ သဘောတူညီချက်အရ လျှပ်စစ်ဓာတ်အားခနှုန်းထားများကို အိမ်သုံး အမျိုးအစားများအတွက် တစ်ယူနစ်မှ ၅၀ ယူနစ် အထိ ၅၀ ကျပ်၊ ၅၁ ယူနစ် မှ ၁ဝဝယူနစ် အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ် မှ ၂၀၀ ယူနစ် အထိ ၁၅၀ ကျပ်နှင့် ၂၀၁  ယူနစ်နှင့်အထက် ၃၀၀ ကျပ်အဖြစ် ပြောင်းလဲပြင်ဆင်သတ် မှတ်လိုက်ခြင်းလည်းဖြစ်သည်။

အိမ်သုံးမဟုတ်သည့်အမျိုးအစား (စက် မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ် လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရ ရုံးဌာနအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ် ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြစ် ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန/ လုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့အ စည်းများ)အတွက် တစ်ယူနစ်မှ ၅,၀၀၀ ယူနစ် အထိ ၂၅၀ ကျပ်၊ ၅,၀၀၁ ယူနစ်မှ ၂၀,၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀,၀၀၁ ယူနစ်နှင့်အ ထက် ၅၀၀ ကျပ်အဖြစ် လျှပ်စစ်စွမ်းအားဝန် ကြီးဌာနက ပြင်ဆင်သတ်မှတ်ခဲ့သည်။

ယခုပြင်ဆင်သတ်မှတ်လိုက်သော ဓာတ် အားခနှုန်းထားများသည် စက်တင်ဘာ ၁ ရက် မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆိုသည်။

နိုင်ငံတော်၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် အဓိကကျသောကြောင့် လျှပ်စစ်စွမ်းအားဝန် ကြီးဌာနမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီး များနှင့် ဓာတ်အားလိုင်းကြီးများ အဆင့်မြှင့် တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းများကို ပြည်တွင်း ပြည်ပရင်း နှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်ပြီး လျှပ်စစ် ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ တည်ငြိမ် သောလျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့် ဖြူးပေးနိုင်ရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာ ရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်မြင့်မားလာ သောကြောင့်ဓာတ်အားခနှုန်းထားများအား ပြင်ဆင်သတ်မှတ်ရန် လိုအပ်လျက်ရှိနေသ ဖြင့် ထိုသို့ပြင်ဆင်သတ်မှတ်ရခြင်းဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ခဲ့သည်။

 

ဦးသိန်းစိန်နှင့် NLD လက်ထက်

မီတာခ ဘယ်လိုတိုးမြှင့်ကောက်ခံခဲ့သလဲ

လျှပ်စစ်မီတာခများကို ဦးသိန်းစိန်  အစိုးရလက်ထက်တွင် တစ်ကြိမ်၊ NLD အစိုးရလက်ထက်တွင် တစ်ကြိမ် တိုးမြှင့် ကောက်ခံခဲ့ဖူးသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် လျှပ် စစ်မီတာခများကို ၂၀၁၄ ဧပြီ ၁ ရက်မှစ၍ ပြင် ဆင်သတ်မှတ်ခဲ့သည်။ ထိုသို့ ပြင်ဆင်သတ် မှတ်ရာတွင် အိမ်သုံးနှင့် စက်မှုသုံးဟူ၍ အမျိုး အစားနှစ်မျိုးခွဲပြီး သတ်မှတ်ခဲ့သည်။

အိမ်သုံးအမျိုးအစားတွင် တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိကို ၃၅ ကျပ်၊ ၁၀၁ ယူနစ်မှ ယူနစ် ၂၀၀ အထိကို ၄၀ ကျပ်နှင့် ၂၀၁ ယူနစ် အထက်ကို ကျပ် ၅၀ နှုန်းဖြင့် ပြောင်းလဲကောက် ခံခဲ့သည်။

စက်မှုသုံးအမျိုးအစားတွင် တစ်ယူနစ်မှ ၅၀၀ ယူနစ်အထိ ၇၅ ကျပ်၊ ၅၀၁ ယူနစ်မှ ၁၀,၀၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀,၀၀၁ ယူနစ်မှ ၅၀,၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်၊ ၅၀,၀၀၁ ယူနစ်မှ ယူနစ် ၂၀၀,၀၀၀ အထိ ၁၅၀ ကျပ်၊ ယူနစ် ၂၀၀,၀၀၀ မှ ယူနစ် ၃၀၀, ၀၀၀ အထိ ၁၂၅ ကျပ်နှင့် ၃၀၀,၀၀၁ ယူနစ် နှင့်အထက်ကိုမူ ၁၀၀ ကျပ် အဖြစ်ပြောင်းလဲ ကောက်ခံခဲ့သည်။

          ထို့အတူ NLD အစိုးရလက်ထက်တွင် ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်ကနေစပြီး လျှပ် စစ်မီတာခများကို တိုးမြှင့်ကောက်ခံမည်ဖြစ် ကြောင်း ဇွန်၂၅ ရက်တွင် လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာနက ကြေညာခဲ့သည်။

          လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ထုတ် ပြန်ချက်အရ လက်ရှိတိုးမြှင့်လိုက်သည့် မီတာ ခများတွင် အိမ်သုံးအမျိုးအစားကို တစ်ယူ နစ်မှ ယူနစ် ၃၀ အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ယူနစ် ၅၀ အထိ ကျပ် ၅၀၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ကျပ် ၇၀၊ ၇၆ ယူနစ်မှ ယူနစ် ၁၀၀ အထိ ကျပ် ၉၀၊ ၁၀၁ ယူနစ်မှ ၁၅၀ အ ထိ ကျပ် ၁၁၀၊ ၁၅၁ ယူနစ်မှ ၂၀၀ အထိ ကျပ် ၁၂၀၊ ၂၀၁ ယူနစ်နှင့် အထက်ကို ၁၂၅ ကျပ် အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ် သည်။

          အိမ်သုံးမဟုတ်သည့် စက်မှုလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာန အဖွဲ့အစည်း များ၊ နိုင်ငံပိုင်စက်မှု လုပ်ငန်းများ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန/လုပ်ငန်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံခြားသံ ရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ စသည့် ခေါင်းစဉ်အောက်တွင် တစ်ယူနစ်မှ ယူနစ် ၅၀၀ အထိ ၁၂၅ ကျပ်၊ ၅၀၁ ယူနစ်မှ ယူနစ် ၅,ဝဝဝအထိ ၁၃၅ ကျပ်၊ ၅,၀၀၁ ယူနစ်မှ ယူနစ် ၁၀,၀၀၀ အထိ ၁၄၅ ကျပ်၊ ၁၀,၀၀၁ ယူနစ်မှ ၂၀,၀၀၀ အထိ ၁၅၅ ကျပ်၊ ယူနစ် ၂၀,၀၀၁ မှ ၅၀,၀၀၀ အထိ ၁၆၅ ကျပ်၊ ၅၀, ၀၀၁ ယူနစ်မှ ၁၀၀,၀၀၀ အထိ ၁၇၅ ကျပ်၊ ၁၀၀,၀၀၁ ယူနစ်အထက်ကို ကျပ် ၁၈၀ နှုန်း တိုးမြှင့်သတ်မှတ်လိုက်ခြင်းလည်းဖြစ်သည်။

 

နိုင်ငံတကာမှာ ဘယ်လိုကောက်ခံသလဲ

          ဖွံ့ဖြိုးတိုးတက်သည့် အမေရိကန်၊ ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံများတွင် ဓာတ်အားခ နှုန်းထားများကို ထုတ်လုပ်မှုကုန်ကျစရိတ် ပေါ် မူတည်၍ ကောက်ခံလျက်ရှိကြောင်း သိရသည်။

          အခြေခံလူတန်းစားများအတွက် ဓာတ် အားခ စျေးနှုန်းလျှော့၍ ရောင်းပေးခြင်း၊ အ စိုးရက စိုက်ထုတ် အကုန်အကျခံပေးခြင်းများ မရှိပေ။

          အာဆီယံနိုင်ငံများ ဖြစ်ကြသည့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင် နိုင်ငံများတွင်လည်း ထုတ်လုပ်ကုန် ကျမှုစရိတ်အပေါ် မူတည်၍ ကောက်ခံ ကြောင်း သိရသည်။

          အာဆီယံ ဒေသတွင်းနိုင်ငံများတွင် လျှပ်စစ်မီတာခများကို နှစ်အလိုက် တိုးမြှင့် ကောက်ခံနေကြောင်း သိရသည်။

          လျှပ်စစ်သုံးစွဲသည့် ပမာဏများလာခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း၊ ပြန် ပြည့်မြဲစွမ်းအား (Renewable Energy) ပြောင်းလဲသုံးစွဲရန် ကြိုးစားခြင်း၊ လျှပ်စစ် ထုတ်လုပ်ရန် အစိုးရက ငွေကြေးစိုက်ထုတ် ရမှုကို လျှော့ချလိုခြင်း၊ လျှပ်စစ်ဓာတ်လုပ်ရန် ဆီနှင့် သဘာဝဓာတ်ငွေ့‌စျေးတက်ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာတွင် လျှပ်စစ်မီတာခများကို တိုးမြှင့်ကောက်ခံလေ့ ရှိသည်။

          ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်က မီတာ တစ်ယူနစ်လျှင် ၃ ဒသမ ၃၈ ဘတ် ကောက်ခံ ရာမှ ၂၀၂၄ ခုနှစ်တွင် တစ်ယူနစ်လျှင် ၄ ဒသမ ၁၈ ဘတ်အထိ တိုးမြှင့်ထားသော်လည်း ထပ်မံ တိုးမြှင့်ကောက်ခံနိုင်ရန် ညှိနှိုင်းနေကြောင်း သိရသည်။

          ထိုသို့ မီတာခများ တိုးမြှင့်ကောက်ခံ ရသည့် အကြောင်းရင်းများတွင် မြန်မာနိုင်ငံ အပါအဝင် မလေးရှား-ထိုင်း ပူးပေါင်းလုပ် ငန်း၊ ထိုင်းပင်လယ်ကွေ့မှ သဘာဝဓာတ်ငွေ့ အထွက်နှုန်း ၁၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ သည့်အချက်လည်း ပါဝင်ကြောင်း သိရသည်။

          ဗီယက်နမ်နိုင်ငံတွင်လည်း တစ်နှစ်အ တွင်း လျှပ်စစ်မီတာခ ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးကောက်ခဲ့ကြောင်း သိရသည်။

          မြန်မာနိုင်ငံ၌လည်း လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ထုတ်လုပ်မှုစရိတ် ပိုများပြားလာခြင်းကြောင့် မီတာခ တိုးမြှင့် ကောက်ခံရခြင်းဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

          သို့သော် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများနှင့် မြန်မာ၏ အခြေအနေသည် လက်ရှိတွင် ကွာခြားမှု ကြီးကြီးမားမားရှိနေ သည်။

          မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု ကျဆင်းနေပြီး ထုတ်လုပ်မှုနှင့် လိုအပ်ချက်ကြား ကွာဟချက် ကြီးမား‌နေခြင်းကြောင့် နိုင်ငံတွင်း လျှပ်စစ် ဓာတ်အားရရန် အဓိကစိန်ခေါ်ချက်ဖြစ်နေ ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

          မြန်မာနိုင်ငံ၌ ပြည်တွင်းလျှပ်စစ်ဓာတ် အားလိုအပ်ချက်သည် ၂၀၁၉ ခုနှစ်ကစ၍ တိုးလာပြီး နှစ်စဉ် ကိုးရာခိုင်နှုန်း တိုးနေကြောင်း နှင့် လက်ရှိတွင် တစ်နေ့လျှင် ၅၄၄၃ မဂ္ဂါဝပ် အထိ လိုအပ်နေကြောင်း သိရသည်။

          တစ်နေ့လျှင် စက်တပ်ဆင်အင်အား ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ် ရှိသော်လည်း ထုတ် လုပ်နိုင်သော ပမာဏမှာ ၄၅၀၀ မဂ္ဂါဝပ်သာ ရှိကြောင်း သိရသည်။

          လက်ရှိတွင် တစ်နေ့လျှင် ၂၈၆၅ ဒသမ ၀၁ မဂ္ဂါဝပ်သာ ထုတ်နိုင်ပြီး လျှပ်စစ်လိုအပ် ချက်၏ ရာခိုင်နှုန်း ၅၀ ကိုသာ ဖြည့်ဆည်းပေး နိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် မေလတွင် ထုတ်ပြန်ကြေညာထား သည်။

          ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် ၂၉၆၄ မဂ္ဂါဝပ်သာ အ မှန်တကယ်ထုတ်ယူသုံးစွဲနိုင်ပြီး တည်ဆောက် ထားသည့် ဓာတ်အားထုတ်လုပ်စက်ရုံများမှ ၄၁ ဒသမ ၃ ရာခိုင်နှုန်းသာ ထုတ်သုံးနိုင်ကြောင်း သိရသည်။

          တပ်ဆင်ထားသည့် စက်ပစ္စည်းအင်အား အတိုင်း အပြည့်အဝမောင်းနိုင်ပါက လျှပ်စစ် လုံလောက်နိုင်သော်လည်း ဓာတ်အားပေး စက်ရုံများက ပို့လွှတ်သည့် ဓာတ်အားလိုင်း များ ဖျက်ဆီးခံရခြင်း၊ သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းနှင့် မိုးရွာသွန်းမှု နည်းပြီး ဆည်များ ရေပြည့်ပြည့်ဝဝမရရှိခြင်းကြောင့် ထုတ်လုပ်မှုလျော့ကျနေရခြင်းဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

 

မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှု အခြေအနေ

          ၂၀၂၄ ခုနှစ် ဇွန် ၁၂ ရက်တွင် မြန်မာ့စီးပွားရေးလေ့လာစောင့်ကြည့်မှု အစီရင်ခံ စာတစ်စောင်ကို ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့ သည်။

          လက်ရှိတွင် ငွေကြေးဖောင်းပွနှုန်းနှင့် အလုပ်လက်မဲ့နှုန်းများ ဆက်လက်မြင့်တက် နေဖွယ်ရှိသောကြောင့် ဆင်းရဲမှုအခြေအနေ မှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဆိုးရွားနေ မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

          ဝင်ငွေကျဆင်းမှုနှင့် အိမ်ထောင်စုများ အသုံးစရိတ်ချွေတာရမှုများကလည်း စား သုံးမှုနှင့် လက်လီရောင်းဝယ်ဖောက်ကားရေး အတွက် အတားအဆီးဖြစ်စေသည်ဟု  ကမ္ဘာ့ ဘဏ်က ဆိုသည်။

          ၂၀၂၄ ခုနှစ်အစတွင် နိုင်ငံလူဦးရေ၏ ၃၂ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးသည့် အ ခြေအနေသို့ ရောက်ရှိလာကြောင်း ကမ္ဘာ့ ဘဏ်က ပြောကြားသည်။

          ကမ္ဘာ့ဘဏ်၏ အဆိုအရ ပြည်သူ ၁၇ သန်းကျော်မှာ ဆင်းရဲနွမ်းပါးသည့် အခြေအ နေသို့ ရောက်ရှိသွားကြောင်း နားလည်ရ သည်။ ကျန်သုံးပုံတစ်ပုံသော လူဦးရေသည် လည်း ဆင်းရဲသည့်အခြေအနေသို့ ကျရောက် နိုင်ခြေ မြင့်မားနေကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

          ကျပ်ငွေတန်ဖိုးကျဆင်းမှုမှာ စီးပွားရေး လုပ်ငန်းများအပေါ် ဆက်လက်ဖိစီးနေမည် ဖြစ်ကြောင်း၊ အဆိုပါဖိအားများက အိမ် ထောင်စုများအပေါ် အကျပ်အတည်းများ ဆက်လက်တွေ့နိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့အစီ ရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ကြောင့် အိမ်ထောင်စုများအနေဖြင့် ၎င်းင်းတို့၏ ဝယ် လိုအား၊ သုံးစွဲနိုင်အားများ ကျဆင်းသွား ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။

          အထူးသဖြင့် လုပ်သားအင်အားပြတ် တောက်မှု၊ လုပ်သားအင်အား လျော့နည်းလာ မှုနှင့် လုပ်အားခဝင်ငွေများ ကျဆင်းလာမှုတို့ က အိမ်ထောင်စုများအပေါ် ဆက်လက်သက် ရောက်နေမည်ဖြစ်ကြောင်းလည်း ကမ္ဘာ့့ ဘဏ်က ဆိုသည်။

          ထိုသို့သောအခြေအနေများကြောင့် မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံမှာ ဆင်းရဲ မွဲတေမှုမျဉ်းအောက် ရောက်သွားပြီး ၂၀၂၅ ခုနှစ်အထိ ဆက်လက်မြင့်တက်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားသည်။

          အသက်မွေးမှု စီးပွားရေးလုပ်ငန်းများ အပေါ် သက်ရောက်မှု ပိုမိုနက်နဲလာသည့်အ တွက် မြန်မာ့စီးပွားရေးမှာလည်း ဆက်လက် အားနည်းနေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။

          နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး သုံးနှစ် ခွဲအတွင်း ကျပ်ငွေတန်ဖိုးကျဆင်းခြင်း၊ ငွေ ကြေးဖောင်းပွခြင်းနှင့် ကုန်စျေးနှုန်း တစ်ဟုန် ထိုးကြီးမြင့်လာသဖြင့် အခြေခံ လူတန်းစားအ များစုမှာ စားဝတ်နေရေးအတွက် ပိုပြီး ရုန်း ကန်နေရသည်။

          ထိုသို့သောအခြေအနေတွင် မြန်မာနိုင်ငံ ၏ အနိမ့်ဆုံးလုပ်ခလစာမှာ တစ်ရက်လျှင် ကျပ် ၄၈၀၀ ဖြစ်ပြီး ထောက်ပံ့ကြေးအဖြစ် ကျပ်တစ်ထောင် နှစ်ကြိမ်တိုးမြှင့် ခံစားခွင့်ပြု ထားသည့်အတွက် အခြေခံအလုပ်သမားတစ် ဦးမှာ တစ်ရက်လျှင် ကျပ် ၆၈၀၀ ဖြင့် စားဝတ် နေရေးကို ဖြေရှင်းနေရသည်။

 

ထိုသို့ ဆင်းရဲနွမ်းပါးသူ ရာခိုင်နှုန်းများ ပြားလှသည့် မြန်မာနိုင်ငံတွင် အစိုးရအနေ ဖြင့် လျှပ်စစ်မီတာခကို ထုတ်လုပ်မှုကုန်ကျ စရိတ်အတိုင်း တိုးမြှင့်ကောက်ခံမည်ဆိုပါက အခြေခံအလုပ်သမားများ၏ လုပ်ခလစာကို တိုးမြှင့်သတ်မှတ်ပေးပြီးမှသာ မျှတမှုရှိမည် ဖြစ်ကြောင်း အထည်ချုပ်အလုပ်သမားတစ်ဦး က ဆိုသည်။

“မီတာခ တိုးကောက်မယ်ဆိုလည်း ကျွန် တော်တို့အနေနဲ့ ကန့်ကွက်စရာ မရှိဘူး။ အ ခွန်တိုးကောက်မယ်ဆိုလည်း ကန့်ကွက်စရာ မရှိဘူး။ ဒါပေမဲ့ တစ်ပြိုင်တည်း အလုပ်သမား တွေရဲ့ ဝင်ငွေတိုးပွားအောင်လည်း အစိုးရ အနေနဲ့ လုပ်ဆောင်ပေးသင့်တယ်။ အဲဒါဆို အလုပ်သမားတွေလည်း လုပ်ခလစာ တိုးမယ်။ ပြီးတော့မှ တိုးကောက်မယ်ဆို ပိုပြီးတော့ ကောင်းတာပေါ့” ဟု ၎င်းင်းက ပြောကြားသည်။

          လာမည့် စက်တင်ဘာ ၁ ရက်မှစ၍ အိမ် သုံးလျှပ်စစ် တစ်ယူနစ်သုံးစွဲလျှင် ကျပ် ၅၀ ကျသင့်မည် ဖြစ်သည်။

          ယခင် NLD လက်ထက် မီတာခတိုးမြှင့် သတ်မှတ်မှုက တစ်ယူတစ်လျှင် ၃၅ ကျပ်ဖြစ် သည့်အတွက် နစကလက်ထက်တွင် ၁၅ ကျပ် စျေးတက်သွားခြင်း ဖြစ်သည်။

          ထို့အတူ အိမ်သုံးများအတွက် ယခင်အ များဆုံး ကျပ် ၁၂၅ မှ ယခုကျပ် ၃၀၀ အထိ ကောက်ခံမည်ဖြစ်သောကြောင့် နှစ်ဆကျော် တိုးမြှင့်ကောက်ခံလိုက်ခြင်း ဖြစ်သည်။

          ထို့ပြင် လုပ်ငန်းသုံးလျှပ်စစ်မီတာ တစ် ယူနစ်ကို ၁၂၅ ကျပ်မှ တစ်ယူနစ် ကျပ် ၂၅၀ အထိ တိုးမြှင့်လိုက်သည့်အတွက် နှစ်ဆအထိ စျေးတက်သွားခြင်း ဖြစ်သည်။

          ထို့အတူ လုပ်ငန်းသုံးများအတွက် ယခင် အများဆုံး ကျပ် ၁၈၀ မှ ယခုကျပ် ၅၀၀ အထိ ကောက်ခံမည်ဖြစ်သောကြောင့် လျှပ်စစ်စွမ်း အားဝန်ကြီးဌာနအနေဖြင့် သုံးဆနီးပါး တိုးမြှင့် ကောက်ခံခဲ့ခြင်းလည်း ဖြစ်သည်။

          ထိုသို့ မီတာခများ တိုးမြှင့်သတ်မှတ် ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အ သိပေးထုတ်ပြန်ခဲ့ပြီးနောက် ပြည်သူများ အကြားတွင် လူပြောအများဆုံးကိစ္စတစ်ခု လည်း ဖြစ်ခဲ့သည်။

          “သူတို့ စပြီးကြေညာလိုက်တယ်ပေါ့ နော်။ နောက်နေ့ မနက်သတင်းစာမှာ ကြည့် လိုက်တာနဲ့ မီတာခတွေ တက်လာတဲ့စျေးနှုန်း ကြည့်ပြီးတာနဲ့ အရင်ဆုံး ‘ဘုရားတ’ ရတာပဲ။ မီတာခတွေက အရမ်းတိုးမြှင့်လိုက်တော့။အဲတော့ အိမ်က မိသားစုကိုလည်း ပြောရတယ်။ မလိုအပ်ဘဲနဲ့ မီးမဖွင့်ရ။ ဘာလို့ဆို မီတာခက နှစ်ဆတက်တာဆိုတော့။ မီတာသုံးတာများ လာလေ ပိုက်ဆံအမောက်က များလာမှာဖြစ် တာကြောင့် အိမ်ကလူတွေကိုလည်း မလိုအပ် ဘဲ မီးမဖွင့်ဖို့ ပြောထားရတယ်”ဟု တောင်ဒဂုံ မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြား သည်။

          လျှပ်စစ်စွမ်း အားဝန်ကြီးဌာနက စက် တင်ဘာ ၁ ရက်မှစ၍ မီတာခများ တိုးမြှင့်သတ် မှတ်မည်ဖြစ်ကြောင်း ကြေညာပြီးချိန်တွင် အခြေခံလူတန်းစားပြည်သူများအနေဖြင့် မီး သုံးစွဲမှုကို သတိထားပြီး သုံးစွဲမှုများ ရှိလာ ကြောင်း စုံစမ်းသိရှိရသည်။

          “ညီမတို့အိမ်မှာ မီတာခက ရိုးရိုးအိမ်သုံး ဆိုပေမဲ့ တစ်လကို သုံးသောင်းလောက်ကျ တယ်။ အခု မီတာခတွေက နှစ်ဆတိုးကောက် မယ်ဆိုတော့ တော်တော်ကျမယ့်သဘောရှိ တယ်။ အဲဒီအခါကျတော့ ပြောမယ်ဆို အ ဆင်မပြေဘူး။ အဆင်မပြေဘူးဆိုတာက အခုချိန်မှာ စားဝတ်နေရေးကလည်း အခက် အခဲရှိတယ်။ အဲဒီတော့ ဝန်ထုပ်ဝန်ပိုး ပိုဖြစ် တယ်။ ညီမတို့ တစ်နေကုန် စျေးရောင်းရတော့ ညအိမ်ပြန်ရောက်ရင် မီးလေးနဲ့ ပူတယ်ဆို လည်း ပန်ကာလေးနဲ့အဲကွန်းလေးနဲ့ သက် တောင့်သက်သာလေး နေချင်တာပေါ့။ အခု ကျတော့ ပန်ကာတို့ အဲကွန်းတို့ ဖွင့်ဖို့တောင် ချိန်နေရတယ်။ မီတာက အရမ်းတက်သွားမှာ လား။ နောက်ပြီး အဝတ်လျှော်စက်တို့ ဘာ တို့ဆိုလည်း အရင်ကဆို ပုံမှန်သုံးဖြစ် တယ်။ ခုဆို အဝတ်လျှော်စက်တောင် မသုံးဘဲ ကိုယ့် ဘာသာ လက်နဲ့ လျှော်ရတယ်။ အခု ဘယ် လောက်ဖြစ်လာလဲဆို ညရေးညတာ သူခိုး တွေဘာတွေ ကပ်မှာစိုးလို့ အရင်ကဆို အိမ် ရှေ့မှာ တစ်ညလုံး မီးထွန်းဖြစ်တယ်။ ခုတော့ အိမ်ရှေ့မီးတောင် မထွန်းဖြစ်တော့ဘူး။ အိမ် က လူတွေကိုလည်း အားနေရင် မီးပိတ်ဦး နော်ဆိုပြီး ခဏခဏ သတိပေးနေရတော့ သူ သူကိုယ်ကိုယ် စိတ်အနှောင့်အယှက် ဖြစ်ရ တာပေါ့”ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင် သူတစ်ဦးက ပြောကြားသည်။

          “ခုဆို မီတာခတက်မယ်ဆိုတာနဲ့ မီးကို သိပ်မသုံးဖြစ်တော့ဘူး။ အိမ်မှာ မလိုတဲ့ မီးတွေ ပိတ်ပဲ။ အရင်က ညဘက်ဆို မိန်းချပြီး အိပ်တယ် ဆိုတာ မရှိဘူး။ အခု အိပ်ရာဝင်ပြီဆိုတာနဲ့့ မိန်း ချပြီးမှ အိပ်တယ်။ မနက်ကျမှ ပြန်တင်တာ ပေါ့။ ဒါတောင် မီတာစာရွက်လာရင် ဘယ် လောက်ကျမလဲ မသိဘူး”ဟု လမ်းမတော်မြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

          မြန်မာနိုင်ငံတွင် လူဦးရေအများစုသည် အခြေခံလူတန်းစားများဖြစ်သောကြောင့် မီတာခ တိုးကောက်မည်ဆိုပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဖြစ်မနေ စစ်တမ်းကောက် ပြီးမှသာ လုပ်ဆောင်သင့်ကြောင်း အလုပ်သ မား အရေးဆောင်ရွက်နေသူတစ်ဦးက  အကြံ ပြုပြောကြားသည်။

          “လျှပ်စစ်က တစ်နိုင်ငံလုံးက အများပြည် သူနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ လုပ်ငန်းဖြစ်တဲ့ အတွက်ကြောင့် အစိုးရအနေနဲ့ မီတာခ တိုးမ ကောက်ခင်မှာ စစ်တမ်းတွေ လုပ်သင့်တယ်” ဟု ၎င်းက ဆိုသည်။

Most Read

Most Recent