mpox  ကူးစက်မှုဗဟိုချက် ဒီအာကွန်ဂိုသို့ ပထမဆုံးအကြိမ် mpox ကာကွယ်ဆေးများ ရောက်ရှိ

mpox  ကူးစက်မှုဗဟိုချက် ဒီအာကွန်ဂိုသို့ ပထမဆုံးအကြိမ် mpox ကာကွယ်ဆေးများ ရောက်ရှိ
စက်တင်ဘာ ၅ ရက်တွင် အီးယူက လှူဒါန်းသည့် mpox ကာကွယ်ဆေးများ ကင်ရှာဆာလေဆိပ်သို့ ရောက်ရှိလာစဉ်
စက်တင်ဘာ ၅ ရက်တွင် အီးယူက လှူဒါန်းသည့် mpox ကာကွယ်ဆေးများ ကင်ရှာဆာလေဆိပ်သို့ ရောက်ရှိလာစဉ်
Published 6 September 2024

mpox ရောဂါကူးစက်မှု၏ ဗဟိုချက်ဖြစ်သော ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ(ဒီအာကွန်ဂို)သို့  ဥရောပသမဂ္ဂမှ လှူဒါန်းသည့်  ကာကွယ်ဆေး ၂၀၀,၀၀၀ ၏ ထက်ဝက်နီးပါးသည် စက်တင်ဘာ ၅ ရက်တွင် ရောက်ရှိလာခဲ့သည်။

ဒီအာကွန်ဂိုနိုင်ငံတွင် mpox ကူးစက်မှု ဖြစ်စဉ် ၁၉,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၅၀ ကျော်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံးအကြိမ်ထုတ်ပြန်သည့် စာရင်းတွင် ဖော်ပြထားသည်။

“ကာကွယ်ဆေးတွေက ဒီအာကွန်ဂိုကို ရောက်ရှိလာပါပြီ။လက်ရှိမှာ ဒီကာကွယ်ဆေးတွေကို သိုလှောင်မယ့်နေရာတွေဆီ ပို့ ဆောင်နေပြီး ကာကွယ်ဆေးထိုးနှံမယ့် အစီအစဉ်ကို အခုလကုန်ရင် စတင်သွားမှာပါ”ဟု အီးယူ၏ ကျန်းမာရေးအရေးပေါ် ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု အာဏာပိုင်အဖွဲ့ (HERA) ၏ အကြီးအကဲ လော်ရန့်မက်စ်ချယ်က အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။

ကာကွယ်ဆေး ၉၉,၁၀၀ သယ်ဆောင်လာသည့် လေယာဉ်ကင်ရှာဆာ လေဆိပ်သို့ ဆင်းသက်လာချိန်တွင် ကွန်ဂိုကျန်းမာရေးဝန် ကြီး ဆန်မြူရယ်ရော်ဂျာကမ်ဘာနှင့်မက်စ်ချယ်တို့ လေဆိပ်တွင်ရှိနေကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ဆိုသည်။

“ကာကွယ်ဆေးတွေက အရမ်းစျေးကြီးတဲ့အတွက် နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျွန်တော်တို့ မဝယ်နိုင်ပါဘူး”ဟု ကမ်ဘာက ဆိုသည်။

mpox ရောဂါ၏ လက္ခဏာရပ်များတွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ ခါးနာခြင်းနှင့် ကြွက်သားများနာ ကျင်ခြင်းတို့ ပါဝင်သည်။

အဖျားပျောက်ပြီးသည်နှင့် အဖုအပိမ့်များ ဖြစ်ပေါ်လာတတ်ပြီး မျက်နှာပေါ်မှ စတင်ကာ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည်။ အများအားဖြင့် လက်ဖဝါးနှင့် ခြေဖဝါးများတွင် အဖြစ်များသည်။

ရောဂါပိုးသည် အများအားဖြင့် သူ့အလိုလို ရှင်းလင်းသွားပြီး ၁၄ ရက်မှ ၂၁ ရက်ကြား ကြာမြင့်သည်။ mpox သည် ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းမှတစ်ဆင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်တတ်သည် ။ လိင်ဆက်ဆံခြင်း၊ အရေပြားချင်း ထိတွေ့ခြင်း၊ အခြားသူ တစ်ဦးနှေင့် နီးကပ်စွာ စကားပြောခြင်း သို့မဟုတ် အသက်ရှူခြင်းတို့ အပါအဝင်ဖြစ်သည်။

အသစ်တွေ့ရှိခဲ့သည့် mpox ဗိုင်းရပ်စ်မျိုးကွဲ Clade 1 bသည် ပိုမိုပြင်းထန်ပြီး ပိုမိုကူးစက်လွယ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့သည်။

အီးယူက လှူဒါန်းသည့် ကာကွယ်ဆေး ၂၀၀,၀၀၀ တွင် ကျန်ကာကွယ်ဆေးများသည် စက်တင်ဘာ ၇ ရက်တွင် ကင်ရှာဆာသို့ ရောက်ရှိလာမည် ဖြစ်သည်။

မက်စ်ချယ်က အီးယူနှင့် ၎င်း၏အဖွဲ့ဝင် နိုင်ငံအချို့သည် ဒီအာကွန်ဂိုနှင့်အခြား mpox ကူးစက်ဖြစ်ပွားနေသည့် နိုင်ငံများသို့ ကာ ကွယ်ဆေးပမာဏ ၅၆၀,၀၀၀ လှူဒါန်းသွားမည်ဟု ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် အာဖရိကအပြင်ဘက်သို့ mpox ရောဂါကူးစက်ဖြစ်ပွားပြီးနောက် ချမ်းသာသောနိုင်ငံများသည် ၎င်းတို့၏ သို လှောင်မှုများမှ ကာကွယ်ဆေးများနှင့် ကုသမှုများဖြင့် ချက်ချင်း တုံ့ပြန်ဆောင်ရွက်ခဲ့သည်။ သို့သော် အာဖရိကအစိုးရများထံမှ တောင်းဆိုမှု များရှိသော်လည်း အာဖရိကသို့ ကာကွယ်ဆေးအလုံးရေ အနည်းငယ်သာ ရောက်ရှိခဲ့သည်။                                              Ref:AFP