စက်တင်ဘာ (၁၄)ရက်ကျင်းပမည့် UFC 306 ပြိုင်ပွဲတွင်  မြန်မာ MMA ဖိုက်တာ ဂျိုရှုအာဗန်နှင့် မက္ကဆီကိုဖိုက်တာ အက်ဂါချားရက်ဇ် ထိုးသတ်မည်

စက်တင်ဘာ (၁၄)ရက်ကျင်းပမည့် UFC 306 ပြိုင်ပွဲတွင်  မြန်မာ MMA ဖိုက်တာ ဂျိုရှုအာဗန်နှင့် မက္ကဆီကိုဖိုက်တာ အက်ဂါချားရက်ဇ် ထိုးသတ်မည်
Photos: UFC & MMA Fighting
Photos: UFC & MMA Fighting
Published 5 September 2024

 

ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှုအာဗန်နှင့် မက္ကဆီကိုဖိုက်တာ အက်ဂါချားရက်ဇ် တို့သည် စက်တင်ဘာ (၁၄)ရက်တွင် ကျင်းပမည့် UFC 306 ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

UFC 306 ပြိုင်ပွဲကို စက်တင်ဘာ (၁၄) ရက်တွင် အမေရိကန်နိုင်ငံ၊ နီဗာဒါးပြည်နယ်၊ လက်စ်ဗီးဂက်စ်မြို့ရှိ Spherw အားကစားရုံ၌ ကျင်းပမည် ဖြစ်သည်။ UFC အဖွဲ့အစည်းသည် UFC 306 ပြိုင်ပွဲအတွက် တွဲဆိုင်း (၁၀)ပွဲ အတည်ပြုထားပြီး Main Event အဖြစ် ဘင်တန်ဝိတ်ချန်ပီယံခါးပတ် လုပွဲအဖြစ် အမေရိကန်ဖိုက်တာ ရှောင်အိုမယ်လေး နှင့် ဂျော်ဂျီယာဖိုက်တာ မာရပ်ဘ်ဒါဗယ်လီရှီဗီလီတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ 

ယင်းပြိုင်ပွဲတွင် ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျိုရှုအာဗန်နှင့် မက္ကဆီကိုဖိုက်တာ အက်ဂါချားရက်ဇ်တို့သည် ဖလိုင်းဝိတ် (၁၂၅ ပေါင်)တန်း၌ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ UFC သည် မူလက UFC 306 ပြိုင်ပွဲ၏ ဖလိုင်းဝိတ်တန်းတွင်  မက္ကဆီကိုဖိုက်တာ အက်ဂါချားရက်ဇ်နှင့် ပီးရူးဖိုက်တာ ကီဗင်ဘောဂျက်စ်တို့၏ တွဲဆိုင်းစီစဉ်ထားသော်လည်း ပီးရူးဖိုက်တာ ကီဗင်ဘောဂျက်စ် နုတ်ထွက်သွားသောကြောင့် ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှုအာဗန်နှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။ 

UFC 306 ပြိုင်ပွဲတွင် ချန်ပီယံခါးပတ်လုပွဲ (၂) ပွဲအထိ ပါဝင်မည်ဖြစ်ပြီး Co-Main Event အဖြစ် အမျိုးသမီး ဖလိုင်းဝိတ်ချန်ပီယံလုပွဲအဖြစ် မက္ကဆီကိုဖိုက် တာ အလက်စ်ဆာဂရက်ဆိုနှင့် ကာဂျစ္စတန်ဖိုက်တာ ဗယ်လက်တီနာ ရှက်ဖ်ချင်ကိုတို့ ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်ကြောင်း သိရသည်။   

ဂျိုရှုအာဗန်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် မက္ကဆီကိုဖိုက်တာ အက်ဂါချားရက်ဇ်သည် ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ (၁၆) ပွဲ ထိုးသတ်ထားရာ (၁၁)ပွဲနိုင်၊ (၅)ပွဲ ရှုံးနိမ့်ထားသည်။ အက်ဂါချားရက်ဇ်သည် အသက် (၂၈)နှစ်ရှိပြီး အရပ်(၅) ပေ၊ (၇) လက်မရှိကာ အတွေ့အကြုံရင့် ဖိုက်တာတစ်ဦးဖြစ်သည်။ အက်ဂါချားရက်ဇ်သည် UFC နှင့် လက်တွဲပြီးနောက် (၃)ပွဲသာ ထိုးသတ်ထားရသေးပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ကာ တစ်ပွဲ No Contest ဖြစ်ထားသည်။ 

အက်ဂါချားရက်ဇ်သည် နောက်ဆုံးပွဲ အဖြစ် ပြီးခဲ့သည့်ဖေဖော်ဝါရီအတွင်းက  ကျင်းပခဲ့သည့် UFC Fight Night ပြိုင်ပွဲတွင် ဘရာဇီးလ်ဖိုက်တာ ဒန်နီရယ်လာဆာဒါကို ပထမအချီမှာတင် ချုပ်ကွက်ဖြင့် အနိုင်ရထားသည်။ အက်ဂါချားရက်ဇ် အနိုင်ရထားသည့် (၁၁)ပွဲတွင် အလဲထိုးဖြင့် (၄)ပွဲ၊ ချုပ်ကွက်ဖြင့် (၇) ပွဲဖြစ်ကြောင်း သိရသည်။ 

ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှုအာဗန်သည် နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျင်းပခဲ့သည့် UFC Fight Night ပြိုင်ပွဲတွင် အမေရိကန်ဖိုက်တာ ချားလက်စ်ဂျွန်ဆင်ကို တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ထားသည်။ ယင်းပွဲတွင် ဂျိုရှုအာဗန်သည် တတိယအချီ၌ အမေရိကန်ဖိုက်တာ ချားလက်စ်ဂျွန်ဆင်၏ ပင့်လက်သီးမိကာ အလဲထိုးခံခဲ့ရပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယင်းရှုံးပွဲမှာ ဂျိုရှုအာဗန်၏  ပရော်ဖက်ရှင် နယ် MMA ကစားသမားဘဝ ဒုတိယမြောက်ရှုံးပွဲဖြစ်ပြီး UFC နှင့် လက်တွဲပြီးနောက် ပထမဆုံး ရှုံးပွဲလည်းဖြစ်ခဲ့သည်။ ဂျိုရှုအာဗန်သည် MMA ကစားသမားဘဝ (၁၂)ပွဲထိုးသတ်ထားရာ (၁၀) ပွဲ နိုင်၊ (၂) ပွဲ ရှုံးနိမ့်ထားသည်။   

Most Read

Most Recent