တောင်ငူမြို့တွင် ရေဘေးသင့်သူ တစ်သောင်းကျော်ရှိလာပြီး အချို့သောရေဘေးရှောင်စခန်းများတွင် ရေသန့်နှင့် စားသောက်စရာများ လိုအပ်နေ

တောင်ငူမြို့တွင် ရေဘေးသင့်သူ တစ်သောင်းကျော်ရှိလာပြီး အချို့သောရေဘေးရှောင်စခန်းများတွင် ရေသန့်နှင့် စားသောက်စရာများ လိုအပ်နေ
Published 30 August 2024

တောင်ငူမြို့တွင် ရေဘေးသင့်သူ တစ်သောင်းကျော်ရှိလာပြီး အချို့သောရေဘေးရှောင်စခန်းများတွင် ရေသန့်နှင့် စားသောက်စရာများ လိုအပ်နေကြောင်း တောင်ငူမြို့ရှိ ပရဟိတအသင်းအချို့ထံမှ သိရသည်။

မြို့ပေါ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေ ပေါင်းရင် ရေဘေးသင့်သူက တစ်သောင်းလောက်ရှိတယ်။ အဓိက ရေပေါ့။ တချို့ရေတွင်းရေကန်တွေ ရေမြုပ်ကုန်တော့ သောက်စရာရေရော၊ သုံးဖို့ရော အခက်အခဲတော် တော်ဖြစ်တယ်ဟု တောင်ငူမြို့ရှိ  Save The Trees Rescue မှ ကိုကျော်သူရက ပြောကြားသည်။

တောင်ငူမြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းများသို့ အလှူရှင်များ လာရောက်လှူဒါန်းမှုရှိသော်လည်း အချို့နေရာများသို့ မရောက်ရှိသည့်အခြေအနေလည်းရှိနေသည်ဟု ၎င်းင်းကဆက်လက်ပြောကြားသည်။

လိုင်းပေါ်မှာတက်လာတော့ အလှူရှင်တွေလာလှူကြတယ်။ ဒါပေမဲ့ တချို့နေရာတွေကြတော့ သွားလာရခက်ခဲတာတွေလည်း ိှနေတော့ တချို့နေရာတွေကို မရောက်ဖြစ်ကြဘူး။ ကျွန်တော်တို့အသင်းကတော့လိုတဲ့ နေရာတွေကို လိုက်ရှာပြီး ပို့ပေးတယ်ဟု ကိုကျော်သူရက ပြောကြားသည်။

သြဂုတ် ၃၀ ရက်တွင် တောင်ငူမြို့တွင်ရေမှာ ခြောက်လက်မခန့်ကျဆင်းလာသော်လည်း ပုံမှန်အခြေအနေသို့ မရောက်ရှိသေးကြောင်း၊ မိုးမရွာပါက ရေများပြန်လည်ကျ ဆင်းနိုင်ကြောင်း သိရသည်။

စစ်တောင်းမြစ်ရေ မြင့်တက်မှု၊ မိုးများမှု အစရှိသည့်အခြေအနေများကြောင့် သြဂုတ် ၂၆ ရက် ညပိုင်းမှ စတင်ကာ တောင်ငူမြို့ အနိမ့်ပိုင်းနေရာများသို့ ရေများစတင်ဝင်ရောက်လာခြင်းဖြစ်သည်။

တောင်ငူမြို့ပေါ်နှင့် ကျေးရွာများတွင် ရေဘေးသင့်သူများကို Camp များတွင် နေရာချထားပြီး လိုအပ်ချက်များကိုလာရောက် ကူညီနိုင်ကြောင်း ကိုကျော်သူရကဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် ရက်ကလည်း စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် တောင်ငူမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ရေပြန်ကျသဖြင့် နေရပ်သို့ပြန်စဉ် ဒုတိယအကြိမ် ရေကြီးမှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent