မယ်ရီနို၏စွယ်စုံရမှုနှင့် အတွေ့အကြုံများကြောင့် အသင်း၏ စွမ်းရည် ပိုမိုတိုးတက်လာမည်ဟု အာဆင်နယ်နည်းပြ အာတီတာ ပြောကြား

မယ်ရီနို၏စွယ်စုံရမှုနှင့် အတွေ့အကြုံများကြောင့် အသင်း၏ စွမ်းရည် ပိုမိုတိုးတက်လာမည်ဟု အာဆင်နယ်နည်းပြ အာတီတာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 29 August 2024

 

အာဆင်နယ်နည်းပြ အာတီတာက ကွင်းလယ်ကစားသမားသစ် မယ်ရီနို၏စွယ်စုံရမှုနှင့် အတွေ့အကြုံများကြောင့် မိမိတို့အသင်း၏စွမ်းရည်မှာ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် ဆိုစီဒက်အသင်းမှ စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမား မယ်ရီနိုအား ကနဦးပြောင်းရွှေ့ကြေး ပေါင် (၂၇.၄)သန်း၊ Add-ons ကြေး ပေါင် (၄.၂) သန်းဖြင့် ခေါ်ယူကာ (၄) နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ အသက် (၂၈) နှစ်အရွယ်ရှိ မယ်ရီနို သည် ယူရို-၂၀၂၄ ချန်ပီယံ စပိန်လက်ရွေးစင်အသင်းတွင် ပါဝင်ခဲ့ပြီး (၇) ပွဲလုံး ပါဝင်ကစားခဲ့သလို၊ ဂျာမနီအသင်းကို အနိုင်ရသည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် အချိန်ပိုကစားရာ၌ အနိုင်ဂိုးသွင်းယူပေးခဲ့သူဖြစ်သည်။ အာဆင်နယ်နည်းပြ အာတီတာက မယ်ရီနိုသည် စွယ်စုံရ ကစားသမားဖြစ်ပြီး နည်းစနစ်စွမ်းရည်ကြွယ်ဝသူဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ 

အာတီတာက "မယ်ရီနိုရဲ့ အတွေ့အကြုံနဲ့ စွယ်စုံရမှုက ကျွန်တော်တို့အသင်းရဲ့စွမ်းရည်ကို ပိုပြီးတိုးတက်စေမှာပါ။ သူဟာ ကလပ်အတွက်ရော နိုင်ငံအတွက် နှစ်ပေါင်းများစွာ ထိပ်တန်းခြေစွမ်းနဲ့ ကစားခဲ့တာပါ။ သူ့ရဲ့နည်းစနစ်ကြွယ်ဝမှုနဲ့ အကျင့်စရိုက်က အသင်းကို ပိုပြီးသန်မာစေမှာပါ။ ပြီးတော့ မယ်ရီနိုက စပိန်ကို ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ကူညီပေးခဲ့သူဖြစ်ပြီး Winner တစ်ယောက်လည်း ဖြစ်ပါတယ်။ သူနဲ့ သူ့မိသားစုကို အသင်းက ကြိုဆိုပြီး သူနဲ့အတူ လက်တွဲအလုပ်လုပ်ဖို့ မစောင့်နိုင်တော့ပါဘူး"ဟု ပြောကြားခဲ့သည်။ 

မယ်ရီနိုသည် deep-lying midfielder အဖြစ် ကစားသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီက အာဆင်နယ်အသင်းတွင် box-to-box role တွင် ခြေစွမ်းပြခဲ့သည့် ဒက်ကလန်ရိုက်စ်နှင့် တွဲဖက်ညီမည့်သူအဖြစ် ဘောလုံးဝေဖန်သူများက သုံးသပ်နေကြသည်။ မယ်ရီနို(၂၈ နှစ်) သည် ပရိုကစားသမားဘဝကို အိုဆာဆူနာအသင်းနှင့်စတင်ခဲ့ပြီး  ယင်းနောက် ဒေါ့မွန်နှင့် နယူးကာဆယ်တို့တွင် ကစားခဲ့သည်။ နယူးကာဆယ်တွင် ခြေစွမ်းပြရန် ရုန်းကန်ခဲ့ရသည့် မယ်ရီနိုသည် ၂၀၁၈ တွင် ဆိုစီဒက်သို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် ဆိုစီဒက်တွင် ခြေစွမ်းပြ ပြီးပြိုင်ပွဲစုံ (၂၄၂)ပွဲတွင် (၂၇)ဂိုးသွင်းကာ စပိန်အတွက်လည်း (၂၈) ပွဲ ကစားထားသည်။

 

Most Read

Most Recent