■ စတာလင်အပါအဝင် သီးခြားစီလေ့ကျင့်နေရသည့် ကစားသမားများအား ပွဲကစားခွင့်ရမည်မဟုတ်ဟု ချယ်လ်ဆီးနည်းပြ မာရက်စကာ သတိပေး

■ စတာလင်အပါအဝင် သီးခြားစီလေ့ကျင့်နေရသည့် ကစားသမားများအား ပွဲကစားခွင့်ရမည်မဟုတ်ဟု ချယ်လ်ဆီးနည်းပြ မာရက်စကာ သတိပေး
Published 30 August 2024

ချယ်လ်ဆီးအသင်းနည်းပြ အန်ဇိုမာရက်စကာက စတာလင်အပါအဝင် သီးခြားစီလေ့ကျင့်နေရသည့် ကစား သမားများအနေဖြင့် အပြောင်းအရွှေ့ကာလ ပိတ်ချိန်အထိ ဆက်ရှိနေပါက ပွဲကစားခွင့်ရမည်မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်။

    

ချယ်လ်ဆီးအသင်းအနေဖြင့် နွေရာသီ အပြောင်းအရွှေ့ ကာလပြီးဆုံးမည့် သြဂုတ် (၃၀) ရက်မတိုင်မီ ကစားသမားအများအပြားကို ရောင်းချခြင်း သို့မဟုတ် အငှားဖြင့် ထွက်ခွာခွင့်ပြုခြင်း လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။ 

မာရက်စကာက တောင်ပံကစားသမား စတာလင်နှင့် ဘယ်နောက်ခံလူ ချီဝဲလ်မှာ ၎င်း၏အနာဂတ်အစီအစဉ်တွင် မပါဝင်တော့ကြောင်း ပြောကြားထားပြီး ဆာဗက်တီအသင်းနှင့် ကွန်းဖရန့်လိဂ်ခြေစစ်ပွဲ Play-offs  ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုလို ထပ်မံသတိပေးခဲ့ခြင်းဖြစ်သည်။

    

"ကျွန်တော်က ကစားသမားတွေနဲ့ ပွင့်ပွင့်လင်းလင်း နေရတာကို သဘောကျပါတယ်။ ကျွန်တော့်ရဲ့အစီ အစဉ်မှာ မပါဝင်သူတွေက ဆက်ရှိနေမယ်ဆိုရင် ပွဲကစားခွင့် လုံးဝ ရမှာမဟုတ်ပါဘူး။ အပြောင်းအရွှေ့ပိတ်ချိန်အထိ သူတိို့ ဆက်ရှိနေမယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော် မသိပါဘူး။ ပွဲကစားခွင့်ရသူတွေက ကျွန်တော်တို့ကို ကူညီ ပေးနိုင်မယ်လို့ ထင်ပါတယ်။ ရာဟင်း (စတာလင်) က ထူးချွန် တဲ့ သူဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာလည်း အရမ်းတော်ပါတယ်။ မန်နေဂျာတိုင်းဆီမှာ မတူညီတဲ့ အယူအဆတစ်ခုရှိပါတယ်။ သူက ကျွန်တော်မကြိုက်တဲ့ တောင်ပံကစားသမားမျိုးပါ။ သမိုင်းကြောင်းနဲ့ ကိန်းဂဏန်း တွေက ရာဟင်းရဲ့အကြောင်းကို ပြောပြနိုင်ပါတယ်။ သူက ဘာလုပ်ရမလဲဆိုတာကို ကိုယ်တိုင် အတိအကျသိပါတယ်။ လေ့ကျင့်မှုအစီအစဉ်မှာ သီးခြားလေ့ ကျင့်နေရသူအားလုံးက ပွဲကစားခွင့်ရမှာ မဟုတ်ပါဘူး။ သူတို့ နဲ့ပတ်သက်ပြီး ကျွန်တော့်ဘက်က ပွင့်လင်းမြင်သာစွာ ပြော ထားပြီးသားပါ"ဟု ၎င်းက ဆိုသည်။

    

ချယ်လ်ဆီးအသင်းတွင် စတာလင်၊ ချီဝဲလ်၊ ချာလိုဘာ၊ ဘရိုဟာ၊ ကယ်ပါ၊ ဒါထရိုဖိုဖာနာ၊ အန်ဂျယ်လို၊ ဘက်စထရွန်း၊ ၀ါရှင်တန်၊ အန်ဂျိုရင်၊ မာတို့စ်၊ ဗယ်လီ စသည့်ကစားသမား များမှာ ပထမအသင်းနှင့်အတူ လေ့ကျင့်ခွင့်မရဘဲ သီးခြားစီ လေ့ကျင့်နေရကြောင်း သိရသည်။ 

ထို့ပြင် စတာလင်၊ ချာလိုဘာနှင့် အန်ဂျယ်လိုတို့သုံးဦးကို နံပါတ်မပေးဘဲ ချန်လှပ်ထားကြောင်း သိရသည်။