တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အန္တရာယ်များသည့် လုပ်ဆောင်ချက်များကို ရပ်တန့်ရန် ဖိလစ်ပိုင် တိုက်တွန်း

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အန္တရာယ်များသည့် လုပ်ဆောင်ချက်များကို ရပ်တန့်ရန် ဖိလစ်ပိုင် တိုက်တွန်း
တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများက ဖိလစ်ပိုင်ကမ်းခြေစောင့် သင်္ဘောများအနီးသို့ ချဉ်းကပ်လာပုံကို တွေ့ရစဉ်(Photo:AFP)
တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများက ဖိလစ်ပိုင်ကမ်းခြေစောင့် သင်္ဘောများအနီးသို့ ချဉ်းကပ်လာပုံကို တွေ့ရစဉ်(Photo:AFP)
Published 25 August 2024

တောင်တရုတ်ပင်လယ်တွင် ရန်လိုပြီး အန္တရာယ်များသည့် လုပ်ဆောင်ချက်များ အားလုံးကို ရပ်တန့်ရန် ဖိလစ်ပိုင်က တရုတ်ကို တိုက်တွန်းခဲ့သည်။

တောင်တရုတ်ပင်လယ်ပြင်ပေါ်တွင် ကင်းလှည့်နေသည့် ဖိလစ်ပိုင်လေယာဉ်တစ်စင်းကို တရုတ်တိုက်လေယာဉ်က မီးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်က စွပ်စွဲခဲ့ပြီးနောက် ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၉ ရက်က Scarborough သောင်ခုံအနီးတွင် ဖိလစ်ပိုင် ငါးဖမ်းလုပ်ငန်းနှင့် ရေသယံဇာတ အရင်းအမြစ်ဌာန (BFAR) လေယာဉ်တစ်စင်းသည် ပင်လယ်ရေကြောင်း နယ်နိမိတ်အား စောင့်ကြည့်ရန်အ တွက် လှည့်လည်ပျံသန်းနေစဉ် တရုတ်ဂျက်တိုက် လေယာဉ်တစ်စင်းက တာဝန်မဲ့၍ အန္တရာယ်များသော မောင်းနှင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ဟု အနောက်ဖိလစ်ပိုင်ပင်လယ်ဆိုင်ရာ အမျိုးသားအဆင့် အထူးလုပ်ငန်း အဖွဲ့က ပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်းက တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်အကြား ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့ပြီး ထိုပဋိပက္ခတွင် ဖိလစ်ပိုင်၏ မဟာမိတ်ဖြစ်သည့် အမေရိကန်ပါ ပါဝင်လာဖွယ်ရှိသည့် စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

တရုတ်၏ လုပ်ရပ်များသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေကို လျော့ပါးစေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း တရုတ်၏ပုံရိပ်ကို ကျဆင်းစေကြောင်း ဖိလစ်ပိုင်က ပြောကြားခဲ့သည်။

သြဂုတ် ၁၉ ရက်က ဖြစ်စဉ်တွင် တရုတ်တိုက်လေယာဉ်တစ်စင်းသည် ဖိလစ်ပိုင် ကင်းလှည့်လေယာဉ်အနီးမှ အန္တရာယ်ရှိသည့် အကွာအဝေးမှ မီးကျည်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အနောက်ဖိလစ်ပိုင်ပင်လယ် ဆိုင်ရာအမျိုးသားအဆင့် အထူးလုပ်ငန်းအဖွဲ့က ပြောကြားခဲ့သည်။

ထိုနေ့မှာပင် တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် သောင်ခုံအနီးတွင်  တရုတ်နှင့် ဖိလစ်ပိုင် သင်္ဘောများတိုက်မိသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

သြဂုတ် ၁၉ ရက် နံနက်အစောပိုင်းက  ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတစ်စင်းသည် တရုတ် သင်္ဘောကို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကန်းယုက ပြောကြားခဲ့သည်။

“ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ သင်္ဘောတွေဟာ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ နန်ရှားကျွန်းစုရဲ့ ရှန်ပင်ကျောက်တန်းအနီးက ရေပြင်တွေထဲကို တရားမဝင် ဝင်ရောက်လာခဲ့ပါတယ်”ဟု ကန်းက ပြောကြား ခဲ့သည်။

ဖိလစ်ပိုင်သင်္ဘောတစ်စင်းသည် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောအနီးသို့ ရောက်ရှိချိန်တွင် ရုတ်တရက်လမ်းကြောင်း ပြောင်းလဲလိုက်သသဖြင့် သင်္ဘောချင်းတိုက်မိခဲ့ခြင်းဖြစ်ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်၏ အနောက်ဖိလစ်ပိုင်ပင်လယ်ဆိုင်ရာ အမျိုးသားအဆင့် အထူးလုပ်ငန်းအဖွဲ့ကမူ တရုတ်သင်္ဘောများနှင့် ဝင်တိုက်မိခဲ့သဖြင့် ၎င်းတို့ကမ်းခြေစောင့် သင်္ဘောနှစ်စင်း ထိခိုက်သွားခဲ့ကြောင်း၊ ထို ဖြစ်စဉ်သည် ဆာဘီနာသောင်ခုံအနီးတွင် တရုတ်သင်္ဘောများ၏ တရားမဝင်ဘဲ ရန်လိုသည့် လှုပ်ရှားမှုများကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် ဖိလစ်ပိုင်ကမ်းခြေ စောင့်သင်္ဘောနှစ်စင်း၏ ကိုယ်ထည်များတွင်  ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့ကြောင်း ဖိလစ်ပိုင်က ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်၏ နယ်နိမိတ် အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် တရုတ်၏ ကြေညာချက်သည် တရားရေးအရ အခြေအမြစ်မရှိကြောင်း နိုင်ငံတကာ အနုညတခုံရုံးက စီရင်ချက်ချခဲ့သည့် တိုင် တရုတ်သည် နယ်နိမိတ်ပိုင်ဆိုင်ကြောင်း ကြေညာချက်များကို ဆက်လက်ထုတ်ပြန်လျက်ရှိသည်။

Ref:Al Jazeera/AFP

      

 

Most Read

Most Recent