ယူကရိန်းခရီးစဉ်မတိုင်မီ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ပိုလန်ခေါင်းဆောင်များနှင့် လုံခြုံရေး၊ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

ယူကရိန်းခရီးစဉ်မတိုင်မီ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ပိုလန်ခေါင်းဆောင်များနှင့် လုံခြုံရေး၊ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး
သြဂုတ် ၂၁ ရက်က ပိုလန်နိုင်ငံ ၀ါဆောမြို့၌ ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီအား တွေ့ရစဉ်(Photo: AFP)
သြဂုတ် ၂၁ ရက်က ပိုလန်နိုင်ငံ ၀ါဆောမြို့၌ ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီအား တွေ့ရစဉ်(Photo: AFP)
Published 22 August 2024

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် သြဂုတ် ၂၂ ရက်က ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်နှင့် တွေ့ဆုံခဲ့ပြီး လုံခြုံရေးနှင့် ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုဒီသည် ယူကရိန်း၌ အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် မြို့တော် ကိယက်ဗ် မသွားရောက်မီ ပိုလန်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

မိုဒီနှင့် တက်စ်တို့သည် လုံခြုံရေး၊ ယူကရိန်းအရေးနှင့် နှစ်နိုင်ငံဆက်ဆံမှုများ ခိုင်မာအားကောင်းစေရေးတို့နှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ပူးတွဲကြေညာချက်များ ထုတ်ပြန်ဖွယ်ရှိပြီး မိုဒီသည် ပိုလန်သမ္မတ အန်ဒရေဒူဒါနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ပိုလန်သည် ဥရောပအလယ်ပိုင်းတွင်  အိန္ဒိယ၏ အရေးပါသော စီးပွားရေးမိတ်ဖက်နိုင်ငံဖြစ်သည်ဟု ထိုခရီးစဉ်မတိုင်မီတွင် မိုဒီက ပြောကြားထားသည်။

ခေါင်းဆောင်နှစ်ဦးသည် ဆိုက်ဘာလုံခြုံရေးနှင့် ကာကွယ်ရေး ကဏ္ဍတို့တွင် မဟာဗျူဟာမြောက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးဖွယ်ရှိသည်။

နေတိုးမဟာမိတ်အဖွဲ့နှင့် ဥရောပသမဂ္ဂ၏ အရှေ့ဘက်စစ်နံတွင် တည်ရှိသော ပိုလန်က ၎င်းတို့၏ အရှေ့ဘက်နယ်စပ်တစ်လျှောက်တွင် နှစ်နှစ်ကြာဖြစ်ပွားနေသော ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ စိုးရိမ်လျက်ရှိသည်။ ပိုလန်သည် ယူကရိန်းအား နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့်လက အစဉ်အလာမဟာမိတ်ရုရှားသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း သမ္မတဗလာဒီမာ ပူတင်နှင့် ပွေ့ဖက်နှုတ်ဆက်ခဲ့သည့်အတွက် ယူကရိန်း၏ ပြစ်တင်ရှုတ်ချခြင်း ခံရပြီးနောက် မိုဒီ၏ယူကရိန်းခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက မိုဒီနှင့် ပူတင်၏တွေ့ဆုံမှုအတွက် အလွန်စိတ်ပျက်မိကြောင်း၊ ယင်းတွေ့ဆုံမှုသည် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို အကြီးအကျယ်ထိခိုက်စေသာ ထိုးနှက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

မိုဒီ၏ အစိုးရသည် ၂၀၂၂ ခုနှစ် ဖေဖော် ၀ါရီလတွင် ရုရှားက ယူကရိန်းအား ကျူးကျော်ခဲ့ခြင်းကို ပေါ်ပေါ်ထင်ထင် ပြစ်တင်ရှုတ်ချခဲ့ခြင်းမရှိဘဲ မတူကွဲပြားမှုများကို စေ့စပ်ဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းရန် နှစ်ဖက်စလုံးကို တိုက်တွန်းခဲ့သည်။

ရုရှားသည် စစ်အေးခေတ်နောက်ပိုင်း  အိန္ဒိယနှင့် ဆက်ဆံရေးအခိုင်အမာတည် ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားကယူကရိန်းကို စစ်ပွဲဆင်နွှဲပြီးနောက် အိန္ဒိယသည် ရုရှား၏ အရေးပါသော ကုန် သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။

 အိန္ဒိယနှင့် ပိုလန်တို့ တရားဝင်ဆက်ဆံရေးထူထောင်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် မိုဒီက ပိုလန်သို့ သွားရောက်ခဲ့ခြင်းလည်းဖြစ်သည်။

၂၀၁၃ မှ ၂၀၂၃ ခုနှစ်အထိ အိန္ဒိယနှင့် ပိုလန်အကြား အပြန်အလှန် ကုန်သွယ်မှုပမာဏသည် စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၉၅ ဘီ လျံမှ ၅ ဒသမ ၇၂ ဘီလျံအထိ မြင့်တက်ခဲ့ကာ ကုန်သွယ်မှုအများစုသည် အိန္ဒိယဘက်မှ ပို့ကုန်တင်ပို့မှုများဖြစ်ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

အိန္ဒိယသမ္မတဟောင်း ပရာတီဘာ ပါတေးသည် ၂၀၀၉ ခုနှစ်က ပိုလန်သို့ သွားရောက်ခဲ့ပြီး ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်ကလည်း ၂၀၁၀ ခုနှစ်တွင် အိန္ဒိယသို့ သွားရောက်ခဲ့သည်။ မိုဒီသည် သြဂုတ် ၂၃ ရက်တွင် ယူကရိန်းသို့ ဆက်လက်သွားရောက်မည်ဖြစ်သည်။              

Ref: AFP       

Most Read

Most Recent