တော့ဒ်ဘိုလီလက်ထက်တွင် အကယ်ဒမီကစားသမားရောင်းချမှုမှ ချယ်လ်ဆီးအသင်း ပေါင် ၂၀၉ သန်းရရှိ

တော့ဒ်ဘိုလီလက်ထက်တွင် အကယ်ဒမီကစားသမားရောင်းချမှုမှ ချယ်လ်ဆီးအသင်း ပေါင် ၂၀၉ သန်းရရှိ
Photo: CFC
Photo: CFC
Published 22 August 2024

ချယ်လ်ဆီးအသင်းသည် အမေရိကန်အသင်းပိုင်ရှင် တော့ဒ်ဘိုလီလက်ထက်တွင် အကယ်ဒမီကစားသမားများ ရောင်းချမှုမှ ပေါင် ၂၀၉ သန်းရရှိထားကြောင်း သိရသည်။

ဘိုလီဦးဆောင်သည့် BlueCo လုပ်ငန်းစုသည် ၂၀၂၂ ခုနှစ် မေလတွင် ချယ်လ်ဆီးအသင်းကို လွှဲပြောင်းဝယ်ယူခဲ့ပြီး အပြောင်းအရွှေ့ကာလငါးခုအတွင်း ကစားသမားခေါ်ယူမှုအသုံးစရိတ် ပေါင်တစ်ဘီလျံကျော်အသုံးပြုထားသလို အကယ်ဒမီကစားသမားများ ရောင်းချမှုမှ ပေါင်သန်း ၂၀၀ ကျော် ဝင်ငွေပြန်လည်ရရှိထားခြင်းဖြစ်သည်။

ဗြိတိန်အခြေစိုက် The Guardian သတင်းဌာန၏ဖော်ပြမှုအရ ချယ်လ်ဆီးအသင်းသည် ၂၀၂၂ ခုနှစ် နွေရာသီတွင် ဘီလီဂီလ်မော်ကို ဘရိုက်တန်အသင်းထံ ပေါင်ကိုးသန်း၊ ၂၀၂၃ ခုနှစ် နွေရာသီတွင် ရူဘင်လော့တပ်စ်ချိခ်ကို အေစီမီလန်အသင်းထံ ပေါင် ၁၅ သန်း၊ မေဆန်မောင့်ကို မန်ယူအသင်းထံ ပေါင် ၅၅ သန်း၊ ကယ်လမ်ဟတ်ဆန်အိုဒွိုင်းကို နော်တင်ဟမ်အသင်းထံ ပေါင်ငါးသန်း၊ ယခုနှစ် နွေရာသီတွင် အိုမာရီဟတ်ချင်ဆန်ကို အစ်ဝစ်ချ်အသင်းထံ ပေါင် ၂၂ သန်း၊ အီယန်မာဆန်ကို ဗီလာအသင်းထံ ပေါင် ၃၇ ဒသမ ၅ သန်း၊ လူးဝစ်ဟောလ်ကို နယူးကာဆယ်အသင်းထံ ပေါင် ၂၈ သန်း၊ မိုက်ကယ်ဂိုလ်ဒင်းကို လက်စတာအသင်းထံ ပေါင်လေးသန်း၊ ကော်နာဂယ်လာဂါကို အက်သလက်တီကိုအသင်းထံ ပေါင် ၃၄ သန်းဖြင့် ရောင်းချထားသည်။

ထို့ပြင် ချယ်လ်ဆီးအသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလ မကုန်ဆုံးမီ ကစားသမားရောင်းချမှု ဆက်လက်ပြုလုပ်ဖွယ်ရှိပြီး အင်္ဂလန်တောင်ပံကစားသမား ရာဟင်းစတာလင်၊ အင်္ဂလန်နောက်ခံလူ ထရီဗာချာလိုဘာနှင့် ဘရာဇီးလ်တိုက်စစ်ကစားသမား အန်ဂျယ်လိုဂါဘရီယဲလ်တို့ သုံးဦးကို  ကျောနံပါတ်မပေးဘဲ အလွတ်ချန်လှပ်ထားကြောင်း သိရသည်။

စတာလင် (၂၉ နှစ်) မှာ ၂၀၂၂ ခုနှစ် နွေရာသီတွင် မန်စီးတီးအသင်းမှ ပေါင် ၄၇ ဒသမ ၅ သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး ၎င်း၏နံပါတ် ၇ ကို ဝုလ်ဗ်အသင်းမှ ရောက်ရှိလာသည့် ပေါ်တူဂီတောင်ပံကစားသမား ပတ်ဒရိုနေတိုထံ လွှဲပြောင်းပေးလိုက်ပြီဖြစ်သည်။

ချာလိုဘာ (၂၅ နှစ်) မှာ ယခင်က နံပါတ် ၁၄ ဝတ်ဆင်ခဲ့ပြီး ယင်းနံပါတ်ကို အက်သလက်တီကိုအသင်းမှ တစ်ကျော့ပြန်ရောက်ရှိလာသည့် ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်က ပြောင်းလဲဝတ်ဆင်မည်ဖြစ်သည်။

ဂါဘရီယဲလ် (၁၉ နှစ်) မှာမူ ပြီးခဲ့သည့်ရာသီက တော့ဒ်ဘိုလီပိုင်ဆိုင်သည့် စထရာဘိုးအသင်း၌ အငှားသွားရောက်ကစားခဲ့ရပြီး ထပ်မံထွက်ခွာရဖွယ်ရှိနေခြင်းဖြစ်သည်။

 

Most Read

Most Recent