PDF အဖွဲ့များကို ဆက်သွယ်၊ သတင်းပေးမှုဖြင့် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ဖမ်းဆီးခံရ

PDF အဖွဲ့များကို ဆက်သွယ်၊ သတင်းပေးမှုဖြင့် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ဖမ်းဆီးခံရ
Published 20 August 2024

 

 

 PDF အဖွဲ့များကို ဆက်သွယ်၊ သတင်း ပေးမှုဖြင့် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ဖမ်းဆီး ခံထားရကြောင်း သတင်းရရှိသည်။

ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဇော်အား ပြီးခဲ့သည့် သြဂုတ် ၁၆ ရက် ည ၇ နာရီ ခန့်က ၎င်းနေထိုင်ရာ ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးအိမ်ရာအတွင်း လုံခြုံရေးတပ်ဖွဲ့မှ အင်အားအများအ ပြားဖြင့် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည် ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြော ကြားသည်။

၎င်းက ဆက်လက်ပြီး “လောလောဆယ် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးကို ကျိုက်ထိုအခြေစိုက် တပ်မ-၄၄မှာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရတယ်” ဟု ပြောကြား သည်။

ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်မှာ PDF များထံ သတင်းပေးဆောင်ရွက် ခြင်း၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ခြင်း စသည့် အချက်များကြောင့် ဖမ်းဆီးစစ်ဆေးခံနေရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ် ၁၄ ရက်ကလည်း ကျိုက်ထို မြို့မရဲစခန်းမှ ရဲအုပ်ပြည်သူရစိုးမှာ PDF များထံ သတင်းပေးပို့မှုဖြင့် ၎င်းအား လုံခြုံရေးတပ်ဖွဲ့က ကျိုက်ထိုမြို့ မြောက်ပိုင်းရပ် ကွက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် နှစ် ရက်အကြာ သြဂုတ် ၁၆ ရက်တွင် ကျိုက်ထိုမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်ကို လုံခြုံရေး တပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် မေ ၅ ရက်ကလည်း ကျိုက်ထိုမြို့မရဲစခန်းမှ နယ်ထိန်း စိုးရာဇာ၊ နယ်ထိန်း ဝဏ္ဏထွန်း နှင့် ယာဉ်ထိန်းရဲတပ်ကြပ် အောင်နိုင်ဦးတို့ သုံးဦးမှာလည်း PDF အဖွဲ့များ ထံ သတင်းများပေးပို့မှုဖြင့် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့သေးကြောင်း သိရသည်။

Most Read

Most Recent