ဆရာဝန်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုအတွက် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တွင် လူထောင်နှင့်ချီ ဆန္ဒပြ

ဆရာဝန်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုအတွက် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တွင် လူထောင်နှင့်ချီ ဆန္ဒပြ
ကိုးလ်ကတ္တားမြို့၌ အမျိုးသမီးဆရာဝန်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုအတွက် သြဂုတ် ၁၅ ရက်က ဗာရာဏသီမြို့တွင် ဆေးကျောင်းသူဆေးကျောင်းသားများ ဆန္ဒပြနေစဉ်(Photo: AFP)
ကိုးလ်ကတ္တားမြို့၌ အမျိုးသမီးဆရာဝန်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုအတွက် သြဂုတ် ၁၅ ရက်က ဗာရာဏသီမြို့တွင် ဆေးကျောင်းသူဆေးကျောင်းသားများ ဆန္ဒပြနေစဉ်(Photo: AFP)
Published 15 August 2024

မြို့ခံဆရာဝန်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုကို ဆန့်ကျင်သည့်အနေဖြင့် သြဂုတ် ၁၅ ရက် အစောပိုင်းက အိန္ဒိယနိုင်ငံကိုလ်ကတ္တားမြို့တွင် လူထောင်နှင့်ချီကာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ပြီး ယင်းဖြစ်စဉ်ကို ပြစ်တင်ရှုတ်ချခဲ့သည်။

အိန္ဒိယ လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ကာလကြာမြင့်စွာ ဖြစ်ပွားနေမှု အဆုံးသတ်ရေးနှင့် ကျူးလွန်ခံရသူအတွက်တရားမျှတမှုရှိစေရေး အတွက်လည်း ၎င်းတို့က တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က အစိုးရပိုင်ဆေးရုံတစ်ရုံ၌ လူမဆန်စွာ ကျူးလွန်ခံထားရသော ၃၁ နှစ်အရွယ် ဆရာဝန်တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီကလည်း အမျိုးသမီးများအပေါ် အလွန်စက်ဆုပ်ဖွယ်ကောင်းသော ပြစ်မှုများကျူးလွန်ခဲ့သူများကို အမြန်ဆုံး အရေးယူအပြစ်ပေးရန် တိုက်တွန်းထားသည်။                

ဆန္ဒပြလူအုပ်ကြီးက အနောက်ဘန်ဂေါပြည်နယ် ကိုလ်ကတ္တားမြို့ လမ်းမများတစ်လျှောက် ချီတက်ကာ ပြစ်တင်ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်။ ညသန်းခေါင်တွင် ဖယောင်းတိုင်ထွန်းကာ ဆုတောင်းပွဲ ပြုလုပ်မှုသည် လည်း သြဂုတ် ၁၅ ရက်တွင် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများ စတင်ကျင်းပချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။

အထူးသဖြင့် ညအချိန်တွင် အများပြည် သူပိုင်နေရာများ၌ အမျိုးသမီးများ ဘေးကင်းလွတ်လပ်စွာ သွားလာနိုင်ရေးအတွက် ရည်ရွယ်သည့် Reclaim the Night ဟူသော ဆောင်ပုဒ်ကို ဆန္ဒပြသူများက ဟစ်ကြွေးကာ ချီတက်ဆန္ဒပြခဲ့ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ပိုမိုကျယ်ပြန့်စွာ ကိုင်တွယ်ရန် တောင်းဆိုခဲ့ကာ လက်ရေးနှင့်ရေးထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြောင်း သိရသည်။

‘တရားမျှတမှုကို လိုချင်တယ်’ ‘မုဒိမ်းမှု ကျူးလွန်သူကို ကြိုးပေးပါ၊ အမျိုးသမီးတွေကို ကယ်တင်ပါ’ ဟူသော ဆိင်းဘုတ်များကို ၎င်းဆန္ဒပြပွဲတွင် မြင်တွေ့ရသည်။

သြဂုတ် ၁၅ ရက် နံနက်ပိုင်းက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခု၌ မိန့်ခွန်းပြောကြားရာတွင် မိုဒီက ကိုးလ်-ကတ္တား လူသတ်မှုဟု အတိအကျ ရည်ညွှန်းပြောဆိုခြင်း မရှိသော်လည်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ အလွန်ဝမ်းနည်းခံစားရသည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ မိခင်တွေ၊ နှမအစ်မတွေအပေါ် ရက်စက်ယုတ်မာစွာ ကျူးလွန်မှုတွေအတွက် ခံပြင်းဒေါသထွက်မိတယ်” ဟု မိုဒီက ဆိုသည်။

“အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ စက်ဆုပ်ရွံရှာဖွယ် အပြုအမူတွေကို ပြင်းပြင်းထန်ထန်နဲ့ အမြန်ဆုံးအပြစ်ပေးရမှာဖြစ်တယ်”ဟု ၎င်းက ထပ်မံပြောကြားသည်။

“ဟန့်တားကာကွယ်မှုတွေ ဖန်တီးပေးပြီး လူ့အဖွဲ့အစည်းထဲမှာ ယုံကြည်မှုတည်ဆောက်ပေးဖို့  မဖြစ်မနေလိုအပ်တယ်” ဟုလည်း မိုဒီက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဆရာဝန်များက တရားမျှတမှုရှိစေရန် အမြန်ဆုံးဆောင်ရွက်ပေးရေးနှင့် လုပ်ငန်းခွင်အတွင်း လုံခြုံမှုပိုမိုပေးနိုင်ရေးအတွက် တောင်းဆိုခဲ့ကြသည်။

မြို့တော် နယူးဒေလီအပါအဝင် အိန္ဒိယ အနှံ့အပြားရှိ ဆေးရုံအများအပြားတွင် သပိတ်မှောက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ဆရာဝန်တွေရဲ့ လုံခြုံရေးအတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းဖို့ဘာအတွက် ဒီလောက်ခက်ခဲနေတာလဲလို့ တစ်နိုင်ငံလုံးက ဆရာဝန်တွေက မေးခွန်းထုတ်နေကြတယ်”ဟု အိန္ဒိယ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း၏ အငယ်တန်း ဆရာဝန်များအဖွဲ့မှ ဒါရုဗ်ချော်ဟန်က ပြောကြားခဲ့သည်။ တောင်းဆိုမှုအားလုံးကို တရားဝင်မလုပ်ပေးသရွေ့ ဆက်လက်သပိတ် မှောက်မည်ဟု ၎င်းက ဆိုသည်။

Ref: AFP

Most Read

Most Recent