ဂျပန်နိုင်ငံသို့ နောက်ထပ်တိုင်ဖွန်းမုန်တိုင်း အမ်ပဲလ် ချဉ်းကပ်လာစဉ် လေကြောင်းခရီးနှင့်ရထားခရီး ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရ

ဂျပန်နိုင်ငံသို့ နောက်ထပ်တိုင်ဖွန်းမုန်တိုင်း အမ်ပဲလ် ချဉ်းကပ်လာစဉ် လေကြောင်းခရီးနှင့်ရထားခရီး ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရ
တိုင်ဖွန်းမုန်တိုင်းအမှတ် ၅ ဖြစ်သည့် မာရီယာမုန်တိုင်းကြောင့် ရထားခရီးစဉ်များ အချိန်နောက်ကျမည့် ကြေညာချက် ထုတ်ပြန်ခဲ့ပုံကို သြဂုတ် ၁၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
တိုင်ဖွန်းမုန်တိုင်းအမှတ် ၅ ဖြစ်သည့် မာရီယာမုန်တိုင်းကြောင့် ရထားခရီးစဉ်များ အချိန်နောက်ကျမည့် ကြေညာချက် ထုတ်ပြန်ခဲ့ပုံကို သြဂုတ် ၁၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 15 August 2024

ဂျပန် ကျွန်းဆွယ်ကို နောက်ထပ်တိုင်ဖွန်းမုန်တိုင်းချဉ်းကပ်လာစဉ် ဂျပန်လေကြောင်းခရီးနှင့်ရထားခရီး ရာပေါင်းများစွာကို အားလပ်ရက် သီတင်းပတ်အလယ် သြဂုတ် ၁၅ ရက်တွင် ဖျက်သိမ်းခဲ့ရသည်။

အပူပိုင်းမုန်တိုင်း မာရီယာကြောင့် စံချိန်တင်မိုးရွာခဲ့ပြီးနောက် ရက်ပိုင်းအတွင်း တိုင်ဖွန်မုန်တိုင်း အမ်ပဲလ်သည် လူဦးရေသန်း ၄၀ နီးပါးနေထိုင်ရာ တိုကျိုဒေသကို သြဂုတ် ၁၅ ရက်ညပိုင်းတွင် ရှောင်ကွင်းသွားမည်ဖြစ်ပြီး သြဂုတ် ၁၆ ရက်နှင့်၁၇ ရက်တို့တွင် ပစိဖိတ်ကမ်းရိုးတန်း၌ အားကောင်းလာမည်ဖြစ်သည်။     

ဂျပန်ပြည်တွင်းလေကြောင်းလိုင်း ANA က သြဂုတ် ၁၆ ရက်တွင်ပြေးဆွဲမည့် ပြည်တွင်းလေကြောင်းခရီးစဉ် ၂၈၀ ခန့်ကို ပယ်ဖျက်ခဲ့ရာ ယင်းသို့ပယ်ဖျက်ခြင်းက ခရီးသည် ၆၀,၀၀၀ ကျော်ကို သက်ရောက်ခဲ့သည်။  ထို့အပြင် ဂျပန်လေကြောင်းလိုင်းကလည်း ပြည်တွင်းခရီးစဉ် ၁၉၁ ခုနှင့်အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် ၂၆ ခုတို့ကို ဖျက်သိမ်းလိုက်ရာ ယင်းသို့ခရီးစဉ်များ ဖျက်သိမ်းလိုက်ခြင်းကဖောက်သည် ၃၈,၆၀၀ ကိုသက် ရောက်ခဲ့သည်။

သြဂုတ် ၁၆ ရက်တွင် ပြေးဆွဲရန်စီစဉ်ထားသည့် ဂျပန်ကျည်ဆန်ရထားခရီးစဉ်အများစုကိုလည်း ပယ်ဖျက်ခဲ့သည်။ ဖျက်သိမ်းလိုက်သည့် ရထားခရီးစဉ်ထဲတွင် တိုကျိုနှင့်အလယ်ပိုင်းမြို့ကြီး နာဂိုရာတို့ကိုပြေးဆွဲသော ခရီးစဉ်လည်းပါဝင်ခဲ့သည်။

အမ်ပဲလ်နှင့် အမ်ပဲတိုင်ဖွန်းမတိုင်မီ မာရီယာမုန်တိုင်းတို့သည် ဂျပန်နိုင်ငံသားအများစု မွေးရပ်မြေပြန်ကြသည့် အိုဘွန် အားလပ်ရပ်သီတင်းပတ်အတွင်းတွင် ဖြစ်ပေါ်လာသော မုန်တိုင်းများဖြစ်သည်။

သြဂုတ် ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ တိုင်းထွာချက်အရ အမ်ပဲလ်တိုင်ဖွန်းမုန်တိုင်းသည် ဝေလံသည့် ချီချီဂျီးမားပစိဖိတ်ကျွန်း၏အလွန် ကီလိုမီတာ ၃၀၀(မိုင် ၁၉၀) အကွာတွင်ရှိနေပြီး လေပြင်းတိုက် ခတ်နှုန်းသည်တစ်နာရီကို ၁၈၀ ကီလိုမီတာ ရှိနေသည်။

ကမ္ဘောဒီးယား၏ခမာဘာသာ စကားတွင် မန်ကျည်းသီးဟုအဓိပ္ပာယ်ရသော အမ်ပဲလ် တိုင်ဖွန်းမုန်တိုင်းကို အားကောင်းသော မုန်တိုင်းအဖြစ်သတ်မှတ်ထားပြီး ယင်းမုန်တိုင်းသည် သြဂုတ် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပစိဖိတ်သမုဒ္ဒရာသို့ပြန်လည်ဦးတည်သွားမည်ဟုု ခန့်မှန်းထားသည်။

“ပြည်သူတွေအနေနဲ့ရွှေ့ပြောင်းအမိန့် ကိုနားစွင့်နေဖို့နဲ့ ဘေးကင်းတဲ့နေရာကိုရှာဖို့ စောစောပိုင်းအဆင့်တွေကို ဆောင်ရွက်ထားကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်”ဟု  ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီး ယိုရှီဖူမီ မတ်ဆူမူရာက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အရှေ့ပိုင်းဒေသတွင်နေထိုင်သူများသည် လေပြင်းကျရောက်ခြင်း၊ ရေကြီးခြင်း၊ မြစ်ရေလျှံခြင်း၊ မြေပြိုခြင်းတို့ကိုသတိပြုရန် မိုးလေဝသအေဂျင်စီက သတိပေးထားသည်။

ဂျပန်သည် လူသေစေသော မြေပြိုမှုများဖြစ်ပွားတတ်သော တိုင်ဖွန်းမုန်တိုင်ကြီးများကို ပုံမှန်ကြုံတွေ့ရသော နိုင်ငံဖြစ်သည်။

ယင်းဒေသ၌ ဖြစ်ပေါ်သော တိုင်ဖွန်းမုန်တိုင်းများသည် ကမ်းရိုးတန်းများနှင့်ပိုနီးသောနေရာများတွင် ဖြစ်ပေါ်သော မုန်တိုင်းများဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုလျင်မြန်စွာ အားကောင်းပြီး ကုန်းမြေပေါ် တွင် အချိန်ကြာကြာဖြစ်ပေါ်သည်ဟု လွန်ခဲ့သောလတွင် ထုတ်ပြန်ခဲ့သော လေ့လာချက်တစ်ခု၌ ဖော်ပြထားသည်။

Ref: AFP

Most Read

Most Recent