ရှက်ဖီးဝင်းစ်ဒေးနှင့် ဂိုးပြတ်ရှုံးပွဲမှ ခြေစွမ်းမျိုး ထပ်ဖြစ်လျှင် မည်သူမျှ ကစားခွင့်မပေးဟု ပလိုင်းမောက်အသင်းနည်းပြ ရွန်နီ သတိပေး

ရှက်ဖီးဝင်းစ်ဒေးနှင့် ဂိုးပြတ်ရှုံးပွဲမှ ခြေစွမ်းမျိုး ထပ်ဖြစ်လျှင် မည်သူမျှ ကစားခွင့်မပေးဟု ပလိုင်းမောက်အသင်းနည်းပြ ရွန်နီ သတိပေး
Photo: Reuters
Photo: Reuters
Published 14 August 2024

 

လိဂ်ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းနည်းပြ ရွန်နီက ရာသီအဖွင့်ပွဲစဉ်တွင် ရှက်ဖီးဝင်းစ်ဒေးအသင်းအား ၀-၄ ဂိုးဖြင့် အရေးနိမ့်ပြီးနောက် ယင်းပွဲမှ ခြေစွမ်းမျိုးထပ်ဖြစ်သည့် မည်သည့်ကစားသမားမဆို  ကစားခွင့်ပေးမည်မဟုတ်ကြောင်း သတိပေး ခဲ့သည်။

ယင်းပွဲတွင် ရှက်ဖီးဝင်းစ်ဒေးအနေဖြင့် ယခုထက် ပိုမိုဂိုးပြတ်နိုင်သည့်အနေအထားရှိပြီး ပလိုင်းမောက်အသင်းမှာမူ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မျှမရှိခဲ့ကြောင်း သိရသည်။ 

"ပွဲပြီးတော့ ကျွန်တော် သူတို့ကို ပြောခဲ့ပါတယ်။ ဒီလိုပုံစံမျိုး ထပ်ဖြစ်ရင် ကာလရှည်ကြာ ပွဲမကစားရဘူး။ ဒါမှမဟုတ် တခြားကစားသမားသစ်တစ်ယောက်နဲ့ အစားထိုးတာတွေ ဖြစ်လာနိုင်တယ်။ ကျွန်တော့်အမြင်အရတော့ ဘောလုံးပွဲတွေဟာ ရှုံးနိုင်ပါတယ်။  ဒါပေမဲ့ အခြေခံအကြောင်းတရားတွေတော့ ရှိရပါမယ်။ ပြေးရမယ်၊ ဟန့်တားနိုင်ရမယ်၊ ဘောလုံးကိုင်ထားနေရမယ် စတာတွေပေါ့။ အခုတော့ အဲဒါတွေ မရှိခဲ့ပါဘူး။ ပွဲတိုင်းမှာ သူတို့ ဘယ်လိုအနေအထားရှိရမလဲဆိုတာ ကစားသမားတွေ သိပါတယ်"ဟု ရွန်နီက BBC Radio Devon သို့ ပြောကြားခဲ့သည်။  

အသက် ၃၈ နှစ်အရွယ်ရှိ ရွန်နီသည် သူ၏ နည်းပြဘဝတွင် တတိယမြောက် လိဂ်ချန်ပီယံရှစ်ကလပ်အဖြစ် ပလိုင်းမောက်အသင်းကို ကိုင်တွယ်နေခြင်းဖြစ်သည်။ ရွန်နီသည် ဒါဘီအသင်းကို ကိုင်တွယ်စဉ် ဘဏ္ဍာရေး ပြဿနာကြောင့် League One သို့ တန်းဆင်းရပြီးနောက် ၂၀၂၂ ဇွန်လတွင် ရာထူးမှ နုတ်ထွက်ခဲ့ပြီး ဘာမင်ဂမ်အသင်း၌လည်း ရလဒ်ဆိုးများကြောင့် ယခုနှစ် ဇန်နဝါရီအစောပိုင်းတွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

Most Read

Most Recent