ဂရိအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက မြို့တော်အေသင်ကို ခြိမ်းခြောက်နေသော တောမီးကြီးကို တတိယမြောက်နေ့ ဆက်လက်ငြိှမ်းသတ်လျက်ရှိ

ဂရိအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက မြို့တော်အေသင်ကို ခြိမ်းခြောက်နေသော တောမီးကြီးကို တတိယမြောက်နေ့ ဆက်လက်ငြိှမ်းသတ်လျက်ရှိ
ပင်တယ်လီအနီး၌ မီးသတ်သမားများ မီးငြိှမ်းသတ်နေပုံကို သြဂုတ် ၁၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ပင်တယ်လီအနီး၌ မီးသတ်သမားများ မီးငြိှမ်းသတ်နေပုံကို သြဂုတ် ၁၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 13 August 2024

ဂရိအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် အေသင်မြို့ကိုခြိမ်းခြောက်နေသော ကြီးမားသောတောမီးကို သြဂုတ် ၁၂ ရက်တွင် တတိယမြောက်နေ့အဖြစ် ငြိှမ်းသက်လျက်ရှိသည်။

လောင်နေသော တောမီးကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး ပြည်သူထောင်ပေါင်းများစွာသည် မီးတောက်များကြောင့် ၎င်းတို့၏ နေအိမ်များနှင့်ဝေးရာတွင် နေထိုင်နေကြရသည်ဟု ဆိုသည်။

မောလ်ဒိုဗာ အမျိုးသမီး၏အလောင်းကို မီးလောင်ခံထားရသော စက်ရုံတွင်တွေ့ရှိခဲ့သည်။ သြဂုတ် ၁၁ ရက်တွင် တောမီးစတင်လောင်ကတည်းက အနည်းဆုံးလူ ၆၆ ဦးကို ဒဏ်ရာများအတွက် ကုသပေးနေခဲ့သည်။ မီးသတ်သမားငါးဦးသည်လည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

လေပြင်းများက လောင်စာထိုးပေးနေသလိုဖြစ်နေသော တောမီးများသည် မြို့တော်အေသင်၏ အရှေ့မြောက်ဘက်၌ ခြောက်သယောင်းနေသောနေရာကို လောင်လျက်ရှိရာ ပျက်စီးသွားသော မြေဧက ၂၄,၇၀၀ (ဟက်တာ ၁၀,၀၀၀)ပေါ်ရှိ အိမ်များ၊ ကားများ၊ စျေးဆိုင်များ ပျက်စီးခဲ့သည်။

ဂရိအစိုးရက အခြားသော ဥရောပနိုင်ငံများထံမှ အကူအညီများကို မေတ္တာရပ်ခံထားသည်။ ပြင်သစ်၊ အီတလီ၊ ချက်၊ ရိုမေးနီးယား၊ ဆားဘီးယား၊ တူရကီတို့ကမီးသတ်သမားရာချီ စေလွှတ်ပေးခဲ့သည့်အပြင် ရဟတ်ယာဉ်များ၊ မီးသတ်ကားများ၊ ရေသယ်ယာဉ်များကိုလည်းပေးပို့ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

တောမီးသည် ဆင်ခြေဖုံးရပ်ကွက်များဖြစ်သော နီယာပင်တယ်လီ၊ ပါလိုင်ယာရာ၊ ပင်တယ်လီ၊ ပါတီမာဟာလန်ဒူးရီးယက်၊ ဗရီလစ်ဆီးယားတို့ကို ဆိုးရွားစွာထိခိုက်စေခဲ့သည်။

အသက် ၆၀ ကျော်အရွယ် မောလ်ဒိုဗာ အမျိုးသမီး၏အလောင်းကို ဟယ်လန်ဒရီမြို့ရှိ စက်ရုံတစ်ခုတွင်တွေ့ရှိခဲ့သည်။  ထိုမြို့တွင် အိမ်တစ်ဒါဇင် နီးပါးပျက်စီးသွားခဲ့သည်ဟု မြို့တော်ဝန် ဆိုင်မော့စ်ရူဆော့က ပြောကြားခဲ့သည်။ စျေးဆိုင်များ၊ ကားဟောင်းများ၊ ကျောက်မီးသွေးသိုလှောင်ရာ ခြံဝင်များ၊ သုတ်ဆေးဂိုဒေါင်များလည်း ပျက်စီးသွားခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

“မီးဟာ တစ်နာရီကို ကီလိုမီတာ ၅၀ နှုန်းနဲ့သွားနေတာပါ။ လားရာပြောင်းတာ ၁၀ ကြိမ်ရှိပါပြီ”ဟု ၎င်းက ပြောကြားခဲ့သည်။

ပင်တယ်လီအနီးတွင် ရဟတ်ယာဉ်တစ်စီးက မီးလုံးကြီးများပေါ်သို့ ရေများကို သွန်ချခဲ့သည်။  ဂရိမြို့တော်အေသင်၏နေရာအများစုသည် ညှော်နံ့ရသာ မီးခိုးများဖြင့် ဖုံးလွှမ်းနေသည်။ အဆိုပါမီးခိုးများ ဖုံးနေသည်မှာ နှစ်ရက်ဆက်တိုက်ရှိပြီဖြစ်၍လေထုကို ညစ်ညမ်းစေသော အမှုန်ပါဝင်မှုကြောက် ခမန်းလိလိမြင့်တက်လာသည်ဟု ပညာရှင်များက ပြောကြားခဲ့သည်။

“ဒီနေရာကို မီးတွေရောက်လာတာဟာ အင်မတန်ကြုံတောင့်ကြုံခဲဖြစ်ရပ်ဖြစ်ပါတယ်”ဟု ဗရီလစ်ဆီးယားတွင်နေထိုင်သူ အသက် ၆၅ နှစ်အရွယ် ဆာကစ်မော်ဖစ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ အဝတ်အစားတွေ၊ ငွေတွေမရှိတော့ပါဘူး။ အားလုံးဟာ အိမ်ထဲမှာ မီးလောင်ခံလိုက်ရပါပြီ”ဟု ၎င်းက ပြောကြားခဲ့သည်။

မီးသတ်ကား ၂၀၀ ဝန်းကျင်ဖြင့် မီးသတ်သမားရာပေါင်းများစွာသည် အေသင်မြို့မှ ၂၂ မိုင်(၃၅ ကီလိုမီတာ) ခန့်တွင် မီးများကို ငြိှမ်းသတ်လျက်ရှိသည်။

Ref: AFP

Most Read

Most Recent