ဆော်ဒီကလပ်အသင်း၏ ယူရို(၁)ဘီလီယံတန် ကမ်းလှမ်းမှုကို ဗင်နီစီယပ်စ် ငြင်းပယ်

ဆော်ဒီကလပ်အသင်း၏ ယူရို(၁)ဘီလီယံတန် ကမ်းလှမ်းမှုကို ဗင်နီစီယပ်စ် ငြင်းပယ်
Photo: Getty Images
Photo: Getty Images
Published 13 August 2024

ရီးယဲလ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် ဆော်ဒီကလပ် အယ်လ်အာလီအသင်း၏ ယူရို(၁)ဘီလီယံတန်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။

ဗင်နီစီယပ်စ်(၂၄ နှစ်)သည် ရီးယဲလ်မက်ဒရစ်အသင်း၏ အဓိကတိုက်စစ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်သော်လည်း ပြင်သစ်တိုက်စစ်မှူး ဘာပေ ရောက်ရှိလာခြင်းနှင့် စပိန်ပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုများကြောင့် အသင်းပြောင်းရွှေ့ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများရှိနေသည်။

ယင်းအခြေအနေတွင် အယ်လ်အာလီအသင်းက ၎င်းအား (၅) နှစ်စာချုပ်အတွက် ယူရို(၁)ဘီလီယံပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အယ်လ်အာလီအသင်းက ဗင်နီစီယပ်စ်အား တစ်နှစ်လစာ ယူရိုသန်း (၂၀၀)နှုန်းဖြင့် (၅)နှစ်စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဆော်ဒီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရန် သေချာသလောက်ဖြစ်နေသည့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ သံတမန်တစ်ဦးအဖြစ် ခန့်အပ်သွားရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။

သို့သော် ရီးယဲလ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် ဗင်နီစီယပ်စ်က အဆိုပါကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။

ဗင်နီစီယပ်စ်သည် ရီးယဲလ်အသင်းနှင့် ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသူဖြစ်သောကြောင့် ရီးယဲလ်အသင်းကလည်း ၎င်းကို အလွယ်တကူထွက်ခွာခွင့်ပြုဖွယ်မရှိကြောင်း သိရသည်။

ဗင်နီစီယပ်စ်သည် Ballon d'Or ဆု ရယူနိုင်ရန် မျှော်မှန်းထားသောကြောင့် ရီးယဲလ်အသင်းတွင်သာ ဆက်လက်ယှဉ်ပြိုင်ကစားသွားရန် ဆန္ဒရှိနေကြောင်း သိရသည်။

Most Read

Most Recent