ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ဆုံးဖြတ်မှုအတွင်း ထိုင်းဝန်ကြီးချုပ် ရာထူးမှဖြုတ်ချခံရဖွယ်ရှိနေ

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ဆုံးဖြတ်မှုအတွင်း ထိုင်းဝန်ကြီးချုပ် ရာထူးမှဖြုတ်ချခံရဖွယ်ရှိနေ
ဧပြီ ၁၀ ရက်က ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝန်ကြီးချုပ်ဆရက်ထာ ထာဝီဆင်းကို တွေ့ရစဉ်(Photo:AP)
ဧပြီ ၁၀ ရက်က ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝန်ကြီးချုပ်ဆရက်ထာ ထာဝီဆင်းကို တွေ့ရစဉ်(Photo:AP)
Published 12 August 2024

ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရဖူးသည့် ပုဂ္ဂိုလ်တစ်ဦးကို အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယခုသီတင်းပတ်ထဲတွင် အမိန့်ချမှတ်ရာ၌ ထိုင်းဝန်ကြီးချုပ် ဆရက်ထာ ထာဝီဆင်းသည် ရာထူးမှဖြုတ်ချခံရဖွယ်ရှိကြောင်း သိရသည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကအဓိက အတိုက်အခံပါတီဖြစ်သည့် Move Forward ပါတီကို ဖျက်သိမ်းကာ ၎င်းပါတီ၏ ခေါင်းဆောင်ဟောင်း ပီတာလင် ဂျာရွန်ရတ်ကို နိုင်ငံရေးလုပ်ကိုင်ခွင့် ဆယ်နှစ် ပိတ်ပင်ကြောင်း အမိန့်ချခဲ့ပြီးနောက်တွင် ဝန်ကြီးချုပ်ထာဝီဆင်း၏အမှုကို ထပ်မံဆုံး ဖြတ်သွားမည်ဖြစ်သည်။

မကြာသေးမီက ထိုင်းအစိုးရကို ပြန်လည်ဖွဲ့စည်းရာတွင် အဂတိလိုက်စားမှုနှင့် ဆက်နွှယ်သော ပြစ်မှုတစ်ခုဖြင့် ၂၀၀၈ ခုနှစ်က ထောင်ဒဏ်ခြောက်လ ချမှတ်ခံရသည့် ရှေ့နေဟောင်းတစ်ဦးဖြစ်သူ ပီချစ် ချူအင်ဘန်ကို ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရာမှ အဆိုပါ အမှုပေါ်ပေါက်လာခြင်းဖြစ်သည်။ ပီချစ်သည် ဘီလျံနာဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နှင့် ရင်းနှီးသူဖြစ်သည်။

ထာဝီဆင်းကို မထိခိုက်စေရန်အတွက် ပီချစ်သည် မေ ၂၁ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့သော်လည်း စစ်တပ်က တင်မြှောက်ထားသော အထက်လွှတ်တော်အမတ်များ၏ တိုင်ကြားမှုမှ အစပြုခဲ့သည့် ၎င်းအမှုကို ကြားနာစစ်ဆေးရန် ဖွဲ့စည်းပုံခုံရုံးက လက်ခံထားဆဲ ဖြစ်သည်။

ပါတီအများအပြားဖြင့် ဖွဲ့စည်းထားသော ညွန့်ပေါင်းအစိုးရ၏ ခေါင်းဆောင်ဖြစ်သူ ထာဝီဆင်းက ပီချစ်အား စေ့စပ်သေချာစွာ စိစစ်ခဲ့သည်ဟု ဆိုသည်။

၎င်းရာထူးတွင် ဆက်ရှိမည်ဆိုလျှင် အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖွယ်ရှိကြောင်း ဝန်ကြီးချုပ်ထာဝီဆင်းက အရိပ်အမြွက်ပြော ဆိုထားသည်။ ၎င်းရာထူးမှ ဖယ်ရှားခံလျှင်မူ ဖြူထိုင်းပါတီသည် ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်အသစ်တစ်ဦးကို အဆိုပြုရမည်ဖြစ်သည်။

ဖွဲ့စည်းပုံခုံရုံးသည် ယခင်ကဝန်ကြီးချုပ်များကို ရာထူးမှဖယ်ရှားခဲ့ဖူးသော်လည်း ထာဝီဆင်းအနေဖြင့် ရာထူးမှဖယ်ရှားခံရဖွယ်မရှိဟု နိုင်ငံရေးလေ့လာသုံးသပ်သူ သီတီနန်ပေါင်ဆူဒီရက်ခ်က သုံးသပ်သည်။

“သူ့နေရာအစားထိုးမယ့်သူကို ရှာဖို့မလွယ်တာကြောင့် သူအဲဒါကို ကျော်လွှားနိုင်မယ်လို့ထင်တယ်။ သူဟာ ဘာအမှားအယွင်းမှ မလုပ်ခဲ့သလို အလုပ်ကြိုးစားတဲ့သူလည်း ဖြစ်တယ်”ဟုလည်း ၎င်းက ဆိုသည်။

ထာဝီဆင်းသည် ယမန်နှစ်က နိုင်ငံရေး လောကထဲသို့ ဝင်ရောက်ခဲ့သည့် အိမ်ခြံမြေ လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ၎င်းစတင်တာဝန်ယူကတည်းကပင် ၎င်း၏မူဝါဒများနှင့် ပတ်သက်၍ အပြင်းအထန် ဆန့်ကျင်မှုများနှင့် ကြုံခဲ့ရသည်။ ထိုင်းပြည်သူအများစုက ၎င်း၏မူဝါဒလုပ်ငန်းစဉ်ကို လက်ခံခြင်းမရှိကြောင်း ဇွန်လထဲတွင် ထုတ်ပြန်ခဲ့သည့် လူထုစစ်တမ်းတစ်ခုအရ သိရသည်။

ဆေးခြောက်သုံးစွဲမှုအား ရာဇဝတ်မှုအဖြစ် ပြန်လည်ပြဋ္ဌာန်းသတ်မှတ်ရန်နှင့် ပြည်သူသန်း ၄၀ ကျော်အား ဘတ်တစ်သောင်းထောက်ပံ့ရန် အဆိုပြုမှုများကြောင့် နိုင်ငံတစ်ဝန်း၌သာမက ၎င်း၏ညွန့်ပေါင်းအစိုးရအဖွဲ့ အတွင်း၌လည်း အငြင်းပွားမှုများ ဖြစ်ပေါ်စေခဲ့သည်။

Move Forward ပါတီကို ဖျက်သိမ်းရန် ဖွဲ့စည်းပုံခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြင်းထန်စွာဝေဖန်ခဲ့ပြီး ယင်းသည် ဒီမိုကရေစီ၏ ပွင့် လင်းလွတ်လပ်မှုကို ထိခိုက်စေသည်ဟု  ဥရောပသမဂ္ဂက ဆိုသည်။

ထိုင်းနိုင်ငံသည် ၁၉၃၂ ခုနှစ်တွင် အကြွင်းမဲ့သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှု တစ်ဒါဇင်ခန့် ဖြစ်ပွားခဲ့ပြီး ဆယ်စုနှစ်များနှင့်ချီကာ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ကြုံတွေ့ ခဲ့ရသည်။                            

Ref:AFP

Most Read

Most Recent