အင်္ကျီရင်ဘတ်စပွန်ဆာ မရရှိသည့်ပြဿနာနှင့် ချယ်လ်ဆီးအသင်းထပ်မံရင်ဆိုင်နေရပြီး ကာလတိုအဖြစ်လက်တွဲမည့် စပွန်ဆာအသစ် ရှာဖွေနေ

အင်္ကျီရင်ဘတ်စပွန်ဆာ မရရှိသည့်ပြဿနာနှင့် ချယ်လ်ဆီးအသင်းထပ်မံရင်ဆိုင်နေရပြီး ကာလတိုအဖြစ်လက်တွဲမည့် စပွန်ဆာအသစ် ရှာဖွေနေ
Photo : Getty Images
Photo : Getty Images
Published 12 August 2024

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီကအတိုင်း အင်္ကျီရင်ဘတ် စပွန်ဆာမရရှိသည့်ပြဿနာနှင့် ထပ်မံရင်ဆိုင်နေရပြီး ကာလတိုအဖြစ် လက်တွဲမည့် စပွန်ဆာအသစ်ကို ရှာဖွေနေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ၂၀၂၃ နွေရာသီတွင် အင်္ကျီရင်ဘတ်စပွန်ဆာ 3 နှင့် လမ်းခွဲခဲ့ပြီးနောက် စပွန်ဆာအသစ် အစားထိုးနိုင်ခြင်းမရှိသည့်အတွက် ၂၀၂၃-၂၄ ရာသီအစတွင် စပွန်ဆာအမှတ်တံဆိပ်ပါဝင်ခြင်းမရှိသည့် အင်္ကျီဖြင့်ယှဉ်ပြိုင်ခဲ့ရသည်။

စက်တင်ဘာလရောက်မှသာ Infinite Athlete တစ်နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ Infinite Athlete နှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားချိန်၌ စပွန်ဆာအသစ် မရရှိသေးသည့်အတွက် ရာသီသစ်ကို စပွန်ဆာမပါသည့် အင်္ကျီဖြင့်သာ ထပ်မံယှဉ်ပြိုင်ရဖွယ်ရှိနေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီ၌ ကွန်းဖရန့်လိဂ်ပြိုင်ပွဲ၏ Play-off အဆင့် တွင်သာ ယှဉ်ပြိုင်ခွင့်ရရှိသည့်အတွက် စပွန်ဆာအသစ် ရှာဖွေရာတွင် အခက်တွေ့နေခြင်းဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိအချိန်၌ ရေရှည်လက်တွဲနိုင်မည့် စပွန်ဆာအသစ်ရှာဖွေရန် မလွယ်ကူသည့်အတွက် Infinite Athlete နည်းတူ ကာလတိုလက်တွဲမည့် စပွန်ဆာအသစ်ကို ရှာဖွေနေကြောင်း သိရသည်။ တန်ဖိုးကိုမူ ပေါင်သန်း(၄၀)ဝန်းကျင်ရရှိလိုကြောင်း သိရသည်။

Most Read

Most Recent