■ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံအချို့ မြို့တွင်းပိတ်မိနေ 

■ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံအချို့ မြို့တွင်းပိတ်မိနေ 
Published 10 August 2024

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့တွင် ယနေ့(သြဂုတ်  ၁၀ ရက်)တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံအချို့ မြို့တွင်းပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။

နွားထိုးကြီးတွင် ယမန့်နေ့ ည က စ၍ တိုက်ပွဲဖြစ်ပွားမှုရှိခြဲပြီး သြဂုတ် ၁၀ ရက် ယနေ့ နံနက် ၅ နာရီခွဲခန့်မှ စတင်ကာ နွားထိုးကြီးမြို့ပေါ်ရှိ အစိုးရရုံးများနှင့် လုံခြုံရေးစခန်းများကို PDF နှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိသည်။ 

ထိုသို့တိုက်ခိုက်ရာတွင် နွားထိုးကြီးမြို့ မြို့မရဲစခန်းတစ်ဝိုက်အထိ တိုက်ပွဲ ဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာယီဆုတ်ခွာပေးလိုက်ရမှုနှင့် အစိုးရရုံးအချို့လည်း မီးရှို့ဖျက်ဆီးခံရမှု များရှိကြောင်း စုံစမ်းမှုများအရ သိရသည်။ PDF များအနေဖြင့် နွားထိုးကြီးကို ၎င်းတို့ထိန်းချုပ်နိုင်ပြီဟုပြောဆိုမှုများရှိနေသော်လည်း မြေပြင်အခြေအနေအရ အတည်ပြုရန်ခက်ခဲနေပြီး တိုင်ပွဲများ ပြင်းထန်လျက်ရှိကြောင်းနှင့် ဒေသခံများအနေဖြင့် တိုက်ပွဲများကြောင့် မြို့အတွင်းသွားလာ၍မရသည့်အထခြအနေဖြစ်နေကြောင်းစုံစမ်းသိရသည်။ 

ထို့ပြင် PDF များသည် နွားထိုးကြီးနှင့် နယ်မြေဆက်စပ်နေသည့်  မြင်းခြံနှင့် တောင်သာမြို့များတွင်လည်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ကြောင်းသိရသည်။ 

နွားထိုးကြီးမြို့တွင် တပ်မတော်က လေကြောင်းပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်သဖြင့် ညနေပိုင်းတွင် တိုက်ပွဲများ ခေတ္တငြိမ်နေကြောင်းလည်း သိရသည်။ 

လက်ရှိတွင် နွားထိုးကြီးမြို့အား PDF များက သိမ်းယူထားသည့် အခြေအနေမဟုတ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သည့် ဒေသခံတစ်ဦးကလည်း ပြောကြားသည်။ 

“မြင်းခြံကို ရှော့တိုက်ဒုံးနဲ့ ပစ်တာတော့ရှိတယ်။ မြို့ပေါ်တော့မဟုတ်ဘူး။ ဘယ်ကိုကျပြီး ကွဲလည်းမသိဘူး။ အသံပဲကြားလိုက်တယ်။ မနက်ကတော့ မြင်းခြံနဲ့ နွားထိုးကြီးကြား ကားလမ်းမှာ PDF တွေက ထနောင်းပင်တွေ ခုတ်လှဲပြီး လမ်းပိတ်ထားတာရှိတယ်။ နွားထိုးကြီးကို မနက်လင်းတဲ့အချိန်မှာ ဝင်ပစ်တာပေါ့။ နွားထိုးကြီးမှာ အစိုးရရုံးတွေ ထုံးစံအတိုင်း မီးရှို့ခံရတယ်။ အခုတော့ နွားထိုးကြီးမှာ တည်ငြိမ်နေပါတယ်။ မြို့သိမ်းတယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ဘက်ကလည်း တော်တော်လေးထိခိုက်မှုရှိတယ်ကြားတယ်။ မြစ်သား PDF တွေတောင် ပြန်ဆုတ်သွားတယ်လို့ပြောတယ်။ သူတို့ကပေါင်းပြီး တိုက်ကြတာ” ဟု ယင်းဒေသခံက ဆိုသည်။ 

ထို့ပြင် နွားထိုးကြီးမြို့ပေါ်ရှိ ဒေသခံများသည် ၎င်းတို့၏နေအိမ်များတွင်သာ နေထိုင်နေရပြီး မန္တလေးမြို့သို့ တိမ်းရှောင်လာသူများလည်းရှိကြောင်းသိရသည်။ 

“တိုက်ပွဲဖြစ်တဲ့အချိန်ပဲ ထွက်လာလိုက်တာ မန္တလေးရောက်လာတာပေါ့။ နောက်လူတွေတော့ ထွက်မရဘူးပြောတယ်။ တိုက်ပွဲကတော့ ပြင်းထန်တယ်။ ဘဏ်မီးရှို့ခံထားရတာတွေ့ခဲ့တယ်။ တပ်ဘက်ကလည်း လေကြောင်းနဲ့ပစ်ခတ်တာတွေရှိတယ်။ အချို့က အိမ်ထဲမှာပဲပုန်းနေရင်းနဲ့ သူများတွေ မြို့က ရှောင်တာကို မသိဘဲ ကျန်ခဲ့သူများတယ်” ဟု မန္တလေးမြို့သို့ စစ်ရှောင်လာသည့် ဒေသခံတစ်ဦးက ပြောကြားသည်။ 

နွားထိုးကြီးမြို့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ၁၆ မိုင်ခန့်သာကွာဝေးပြီး အမြန်လမ်းမကြီး မိုင်တိုင် ၃၂၆ အနီးတွင်တည်ရှိသည်။ 

"နွားထိုးကြီးက သူတို့ pdf တွေ အရင်ကတည်းက စိုးမိုးလှုပ်ရှားနေတာလို့ပြောလို့ရတယ်။ အမြန်လမ်းမှာ မိုင်းစွဲတာ အဲနားနဲ့ ဆက်စပ်တဲ့နေရာတွေကနေအဓိကလုပ်တာ၊ သူတို့က မန်းလေးကို ဖိအားပေးဖို့ အခု နွားထိုးကြီးကို သိမ်းဖို့လုပ်လာတာ၊သူတို့ရဲ့  ရည်ရွယ်ချက်က မန်းလေး ရန်ကုန် အမြန်လမ်းကို ဖြတ်တောက်ချင်လို့ အဲလို အမြန်လမ်းကို ဖြတ်တောက်ပြီး စစ်ရေးအရအသာရအောင် လုပ်တဲ့သဘောပဲ၊ သူတို့က တံတားဦး ကို တိုက်ရင် မိတထီလာဘက်က စစ်ကူမလာနိုင်အောင် ဖြတ်တောက်ဖို့ နွားထိုးကြီးကို အသည်းအမည်းတိုက်တာ သိမ်းဖို့လုပ်တာလို့မြင်တယ် "ဟု စစ်ရေးအ‌ခြေအနေစာင့်ကြည့်လေ့လာသူတစ်ဦးက ‌ပြောကြားသည်။

 ထို့ပြင် နွားထိုးကြီးမြို့သည် မြင်းခြံမြို့၊ တောင်သာမြို့တို့နှင့် ၁၉ မိုင်ခန့်၊ မန္တလေးမြို့နှင့် ၆၄ မိုင်အကွာတွင် တည်ရှိသည်။

Most Read

Most Recent