ရုရှားက နယ်စပ်ဒေသသုံးခုတွင် အကြမ်းဖက်မှုတိုက်ဖျက်သည့် စစ်ဆင်ရေးစတင်ကြောင်း ကြေညာ

ရုရှားက နယ်စပ်ဒေသသုံးခုတွင် အကြမ်းဖက်မှုတိုက်ဖျက်သည့် စစ်ဆင်ရေးစတင်ကြောင်း ကြေညာ
သြဂုတ် ၈ ရက်က ရုရှားနိုင်ငံ ဆွဒ်ဇာမြို့အပြင်ဘက်တွင် ရုရှား၏ T-72 တင့်ကားတစ်စီး မောင်းနှင်နေပုံကို တွေ့ရစဉ်(Photo: AFP)
သြဂုတ် ၈ ရက်က ရုရှားနိုင်ငံ ဆွဒ်ဇာမြို့အပြင်ဘက်တွင် ရုရှား၏ T-72 တင့်ကားတစ်စီး မောင်းနှင်နေပုံကို တွေ့ရစဉ်(Photo: AFP)
Published 10 August 2024

ရုရှား-ယူကရိန်းစစ်ပွဲ၏ နှစ်နှစ်ခွဲတာ ကာလအတွင်း ယူကရိန်း၏အကြီးမားဆုံး နယ်စပ်ဖြတ်ကျော်တိုက်ခိုက်သည့် စစ်ဆင်ရေးကို ဟန့်တားရန်အတွက် ရုရှားအစိုးရသည် ယူကရိန်းနှင့် ထိစပ်နေသည့် ၎င်း၏ နယ်စပ်ဒေသသုံးခုတွင် အကြမ်းဖက်မှုတိုက်ဖျက်သည့် စစ်ဆင်ရေးကို စတင်ကြောင်း သြ ဂုတ် ၁၀ ရက်က ကြေညာခဲ့သည်။

သြဂုတ် ၆ ရက်က ယူကရိန်းတပ်ဖွဲ့များသည် ရုရှား၏အနောက်ဘက်  ကာ့စ်ဒေသကို အံ့အားသင့်ဖွယ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကီလိုမီတာအနည်းငယ်အထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သ်ဟု လွတ်လပ်သည့် လေ့လာစောင့်ကြည်သူများက ပြောကြားခဲ့သည်။

ရုရှားကလည်း ယူကရိန်းတပ်ဖွဲ့များ ဆက်လက်ချီတက်လာမှုကို ဟန့်တားရန်တင့်ကားများ၊ ဒုံးပစ်လောင်ချာများ၊ လေကြောင်းကာကွယ်ရေး တပ်ဖွဲ့များအပါအဝင် စစ်သားများနှင့် လက်နက်ပစ္စည်းများကို ဖြန့်ကြက်ချထားခဲ့သည်။

ရုရှား၏ အမျိုးသားအကြမ်းဖက်မှုတိုက် ဖျက်ရေးကော်မတီသည် ရန်သူများ၏ အဖျက်အမှောင့်အဖွဲ့များက ပြုလုပ်သည့် အကြမ်းဖက်လုပ်ရပ်ခြိမ်းခြောက်မှုကို နှိမ်နင်းရန်နှင့် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို စိတ်ချသေချာစေရန်  သြဂုတ် ၉ ရက် နှောင်းပိုင်းတွင် ဘယ်လ်ဂိုရော့၊ ဘာယန့်စ်နှင့် ကာ့စ်ဒေသများတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးများကို စတင်ခဲ့ကြောင်း ပြော ကြားခဲ့သည်။

ရုရှား၏ ဥပဒေအရ လုံခြုံရေးတပ်ဖွဲ့များနှင့် စစ်တပ်သည် အကြမ်းဖက်မှုတိုက်ဖျက်သည့် စစ်ဆင်ရေးများအတွင်း အကြွင်းမဲ့ အရေးပေါ်လုပ်ပိုင်ခွင့်များ ပေးအပ်ခံထားရသည်။

ထိုလုပ်ပိုင်ခွင့်များထဲတွင် လှုပ်ရှားသွားလာမှုများကို ကန့်သတ်ခြင်း၊ မော်တော်ယာဉ်များကို စီးနင်းခြင်း၊ ဖုန်းပြောဆိုမှုများကိုကြား ဖြတ်နားထောင်ခြင်း၊ မသွားလာရဇုန်များ ကြေညာခြင်း၊ စစ်ဆေးရေးဂိတ်များတည် ထောင်ခြင်းနှင့် အဓိကအခြေခံအဆောက် အအုံနေရာများတွင် လုံခြုံရေးကို တိုးမြှင့်ချထားခြင်းတို့ ပါဝင်သည်။

ယူကရိန်းသည် မိမိတို့နိုင်ငံ၏ဒေသများတွင် အခြေအနေကို တည်ငြိမ်မှုပျက်ယွင်းစေ ရန်မကြုံစဖူးကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ရုရှား၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီက ပြောကြားခဲ့သည်။

ယူကရိန်း၏ ကျူးကျော်ဝင်ရောက်မှုသည် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး ယူကရိန်းစစ်သားများသည် အရပ်သားများကို ဒဏ်ရာရစေခြင်း၊ လူနေအဆောက်အအုံများကို ဖျက်ဆီးခြင်းတို့ပြုလုပ်ခဲ့သည်ဟု ရုရှားက ပြောကြားခဲ့သည်။

ယူကရိန်းခေါင်းဆောင်များကမူ ထိုစစ်ဆင်ရေးနှင့်ပတ်သက်ပြီး အသေးစိတ်ပြောကြားခြင်းမရှိဘဲ ယူကရိန်း၏ မဟာမိတ်အမေရိကန်ကလည်း ထိုအစီအစဉ်များနှင့်ပတ်သက်ပြီး ကြိုတင်သတင်းရရှိခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

သို့သော် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးကမူ  ၎င်းစစ်သားများ၏ အစောပိုင်းအောင်မြင်မှုများကို စောင့်ကြည့်ခဲ့ပုံပေါ်ပြီး ရုရှားအနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ကျူးကျော်ခဲ့သည့် စစ်ပွဲ၏ အကျိုးဆက်ကို ခံစားရမည်ဖြစ်ကြောင်း ယခုသီတင်းပတ်အစောပိုင်းက ပြောကြားခဲ့သည်။

ရုရှား၏ ကာ့စ်ဒေသတွင် ယူကရိန်းတပ်များ အထိုင်ချထားသည့်နေရာများကို တင့်ကားများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့် ဗီဒီယိုမှတ်တမ်းများကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကာ နောက်ထပ်တပ်ဖွဲ့များလည်း ထိပ်မံဖြန့်ကြက်ချထားကြောင်း ထုတ်ပြန်ခဲ့သည်။ထို့ပြင် အဆိုပါဒေသမှာပင် ယူကရိန်း၏ ဒရုန်း ၂၆ ဒင်းကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။                                     Ref: AFP

Most Read

Most Recent